ဂျီ ၂၀ ထိပ်သီးတွေ့ဆုံပွဲ ပူတင်နှင့် ရှီကျင့်ဖျင် တက်ရောက်လိမ့်မည်ဟု အင်ဒိုနီးရှားသမ္မတ ပြော

ဂျီ ၂၀ ထိပ်သီးတွေ့ဆုံပွဲ ပူတင်နှင့် ရှီကျင့်ဖျင် တက်ရောက်လိမ့်မည်ဟု အင်ဒိုနီးရှားသမ္မတ ပြော

ဩဂုတ်လ ၁၉ ရက်

ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ (ဂျီ ၂၀) ထိပ်သီးတွေ့ဆုံပွဲကို ရုရှသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တက်ရောက်လိမ့်မည် ဖြစ်ကြောင်း ထိပ်သီးတွေ့ဆုံပွဲကို အိမ်ရှင်အဖြစ် ကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံ၏ ခေါင်းဆောင်က ဩဂုတ် ၁၉ ရက်တွင် ဖော်ပြသော အင်တာဗျူးတစ်ခုတွင် ပြောဆိုခဲ့သည်။

အထူးသဖြင့် ယူကရိန်း၊ ထိုင်ဝမ် အရေးကိစ္စများနှင့်ပတ်သက်ပြီး အမေရိကန်သည် ယင်း၏ ပြိုင်ဘက် အင်အားကြီးနိုင်ငံများဖြစ်သော ရုရှ၊ တရုတ်တို့နှင့် သဘောကွဲလွဲမှုများ ဖြစ်ပေါ်လျက် ရှိနေစဉ် ထိုကဲ့သို့ ဂျီ ၂၀ ထိပ်သီးအစည်းအဝေးသို့ ပူတင်နှင့် ရှီတို့ တက်ရောက်ခြင်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ထိပ်တိုက်တွေ့ ဆွေးနွေးမှုများအတွက် အခြေအနေပေးလိမ့်မည် ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီ အပန်းဖြေကျွန်း၌ ပြုလုပ်မည့် နိုဝင်ဘာလ ထိပ်သီးတွေ့ဆုံပွဲသို့ ပူတင်နှင့် ရှီတို့ လူကိုယ်တိုင် ရောက်လာမည်လား ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိခဲ့ပေ။ ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှသည် အထီးကျန်စွာ ရပ်တည်နေရသလို တစ်ချိန်တည်းမှာပင် တရုတ်ခေါင်းဆောင်သည်လည်း COVID-19 ကြောင့် နိုင်ငံခြားခရီးစဉ်များ သွားရောက်ခြင်းကို ကန့်သတ်မှုများ လုပ်ဆောင်လျက်ရှိသည်။

သို့သော် ရုရှနှင့် တရုတ်နိုင်ငံတို့၏ ခေါင်းဆောင်များသည် ဂျီ ၂၀ အစည်းအဝေးသို့ လူကိုယ်တိုင် တက်ရောက်လာကြလိမ့်မည် ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက Bloomberg နှင့် အင်တာဗျူးတစ်ခုတွင် ပြောသည်။

“ရှီကျင့်ဖျင် လာပါလိမ့်မယ်။ သမ္မတ ပူတင်ကလည်း သူလာမယ်လို့ ကျွန်တော့်ကို ပြောပါတယ်” ဟု ဝီဒိုဒိုက ပြောသည်။

သမ္မတ ပူတင်သည် ထိပ်သီးအစည်းအဝေး တက်ရန် ဝီဒိုဒို၏ ဖိတ်ကြားချက်ကို လက်ခံရရှိထားကြောင်းနှင့် COVID-19 ကပ်ရောဂါကာလ၌ ထိုကဲ့သို့ အစည်းအဝေးတက်နိုင်ရန် အခွင့်အရေးရသမျှကာလပတ်လုံး ပူတင်အနေဖြင့် တက်ရောက်သွားလိမ့်မည်ဖြစ်ကြောင်း ရုရှအစိုးရတာဝန်ရှိသူများက ဇွန်လတွင် ပြောခဲ့သည်။

တရုတ်က မကြာသေးခင်က အကြီးတကာ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ရင်း ထိုင်ဝမ် ရေလက်ကြား၌ တင်းမာမှုများကို နှစ်များစွာအတွင်း အမြင့်ဆုံးအတိုင်းအတာသို့ ရောက်ရှိစေခဲ့ခြင်းနှင့် ဥရောပတွင် ရုရှ-ယူကရိန်း စစ်ပွဲဖြစ်နေခြင်းတို့ ရှိနေစဉ် ယခုနှစ်တွင် အင်ဒိုနီးရှားသည် ဂျီ ၂၀ ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသည့်အတွက် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ၏ အလယ်ဗဟို အများ၏အာရုံစိုက်ရာနေရာတွင် ရောက်ရှိလျက်ရှိသည်။

ဂျီ ၂၀ အစည်းအဝေးသို့ ပူတင်ကို ဖိတ်ကြားထားကြောင်း ကြေညာခဲ့ပြီးနောက်တွင် အစည်းအဝေးကနေ ပူတင်ကို ချန်လှပ်ထားရန် အနောက်နိုင်ငံများက အင်ဒိုနီးရှားအပေါ် ဖိအားပေးမှုများ ရှိခဲ့သည်။

သို့သော် အင်ဒိုနီးရှားသည် ကြားနေ ရပ်တည်ချက်ကို ကိုင်ဆွဲထားခဲ့ပြီး လများချီ ကြာမြင့်လာနေသော ယူကရိန်း ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး တောင်းဆိုထားခဲ့သလို ယခုနှစ် အစောပိုင်းက သမ္မတ ဂျိုကိုဝီသည် ကိယက်ဗ်နှင့် မော်စကိုသို့ သွားရောက်ထားခဲ့သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly