ဩဂုတ် ၁၈
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်၌ စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှစကာ လက်နက်ကိုင်တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲအချိန်တွင် ကုလသမဂ္ဂ အထူးသံတမန် နိုလင်း ဟေဇာက မြန်မာပြည်သူများသည် ဒီမိုကရေစီ ရပိုင်ခွင့်နှင့် ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေး ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်များ ရှိကြောင်း မြန်မာခရီးစဉ်အတွင်း ဗုဒ္ဓဟူးနေ့က ပြောခဲ့သည်။
သို့ရာတွင် ယင်းသို့ “ရရှိရေးသည် ဖော်ဆောင်လုပ်ငန်းစဉ်တစ်ရပ်၌ သက်ဆိုင်သူအားလုံး၏ ကောင်းမွန်သော သဘောထားနှင့် လုံ့လစိုက်ထုတ်မှုများ ရှိမှသာ ဖြစ်နိုင်မည်” ဟု စစ်အာဏာသိမ်းအုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီ အကြီးတန်းတာဝန်ရှိသူများနှင့် တွေ့ဆုံပြီးနောက် ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ထုတ်ပြန်ချက်၌ ၎င်းက ဆိုသည်။
၎င်း၏ ခရီးစဉ်သည် “အကြမ်းဖက်မှုများ အရှိန်လျော့ကျရေးနှင့် ဘက်ပေါင်းစုံ ပဋိပက္ခ အကျပ်အတည်းကို ဖြေရှင်းရေးတို့အတွက် လက်တွေ့ခြေလှမ်းအဖြစ် လူကိုယတိုင် တွေ့ဆုံဆက်ဆံရေး”အား ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်၌ ဆိုသည်။
ယခု မြန်မာခရီးစဉ်သည် နိုလင်း ဟေဇာအတွက် ဒီဇင်ဘာလက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခံရချိန်မှစကာ ပထမဆုံး တရားဝင်ခရီးစဉ်ပဲ ဖြစ်သည်။
“ကျွန်မရဲ့ ခရီးစဉ်ဟာ ကုလသမဂ္ဂရဲ့ စိုးရိမ်ပူပန်မှုကို ပြောပြနိုင်ဖို့နဲ့ ပဋိပက္ခနဲ့ ပြည်သူတွေရဲ့ အတိဒုက္ခတွေကို လျှော့ချနိုင်ရေး လိုအပ်တာတွေ လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ပါတယ်”ဟု အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက်တွင် ၎င်းက အလေးအနက် ပြောသည်။
“ကုလသမဂ္ဂရဲ့ ခုလို ထိတွေ့ဆက်ဆံမှုဟာ တရားဝင် အသိအမှတ်ပြုခြင်းတော့ မဟုတ်ဘူး”ဟု စစ်ကောင်စီကို ရည်ညွှန်းပြီး ဆိုထားသည်။
စစ်ကောင်စီ၏ မကြာသေးခင်က ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို သေဒဏ်စီရင်လိုက်ခြင်းအား မှတ်ချက်ပြုရင်း နောက်ထပ် သေဒဏ်ပေးခြင်းများကို တရားဝင် ဆိုင်းငံ့ရန်နှင့် ဖမ်းဆီးထားသော ကလေးသူငယ်များအား ပြန်လွှတ်ရန် မင်းအောင်လှိုင်ကို နိုလင်း ဟေဇာက တိုက်တွန်းခဲ့သည်။
ထိုပြင် နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး ဩစတြေးလျနိုင်ငံသား ရှောင်တာနဲလ်အား ပြန်လည်လွှတ်ပေးရေးအတွက် ဩစတြေးလျနိုင်ငံ၏ တောင်းဆိုချက်ကိုပါ နိုလင်း ဟေဇာက စစ်ကောင်စီအား အသိပေးခဲ့ကြောင်း သိရသည်။
(မိုးသဲ ဘာသာပြန်သည်။)