ဩဂုတ် ၁၇
(မဇ္ဈိမ) ။ ။ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် အာလာဒင်အမည်ရှိ အမျိူးသား၀တ်အထည်ဆိုင်တွင် ယနေ့ သြဂုတ် ၁၇ ရက် နံနက် ၉ နာရီမှစတင်ကာ ဆန်တစ်ပြည် ၁၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၁၀ကျပ်ဖြင့် ရောင်းချသည့် အစီအစဉ်ကို ပြုလုပ်ခဲ့သည်။
ယင်းအစီအစဉ်တွင် လာရောက်၀ယ်သူ တစ်ဦးလျှင် ဆန်တစ်ပြည် (သို့မဟုတ်) ကြက်ဥ ဆယ်လုံးတစ်ကတ် နှစ်သက်ရာ ၀ယ်ယူနိုင်ကြောင်း သိရသည်။
“ ကုန်ဈေးနှုန်းများမြင့်တက်လာပြီးနောက် အခက်အခဲရှိသူတွေအတွက် လှူတဲ့သဘောပါ။ တစ်နာရီအတွင်းမှာ အားလုံးကုန်သွားပါတယ်။ နောက်လည်း ကိုယ်နိုင်သလောက် လုပ်ခွင့်ရရင် လုပ်သွားမှာပါ “ ဟု အာလာဒင် အမျိုးသား၀တ်အထည်ဆိုင်ရှင် ကိုအောင်ကိုလတ်က ပြောသည်။
ယနေ့ပြုလုပ်သည့် အစီအစဉ်တွင် ဆန် ၃၀၀ ပြည်နှင့် ကြက်ဥ အလုံး ၁,၀၀၀ တို့ကို ရောင်းချပေး ခဲ့ကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သော ၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက်၌လည်း ရန်ကုန်မြို့အတွင်းရှိ မြို့နယ်ခြောက်ခုတွင် အခြေစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်နှင့် ကြက်ဥ စသည့်အမယ်လေးမျိုးကို ကျပ်တစ်ရာနှုန်းဖြင့် ရောင်းချပေးခဲ့သေးသည်။
ယင်အစီအစဉ်အား မိုဘိုင်းဆားဗစ်အသင်း (MMSA) မှ ဦးဆောင်၍ လှိုင်၊ လှိုင်သာယာ၊ ရွေပြည်သာ၊ တောင်ဒဂုံ၊ သာကေတနှင့် ဒလတို့တွင် “ပြည်သူမှ ပြည်သူသို့” ခေါင်းစဉ်ဖြင့် တစ်ရက်ကျစီ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး