ဩဂုတ်လ ၁၆ ရက်
ယူကရိန်းတောင်ပိုင်းရှိ ရုရှထိန်းချုပ်ထားသော ဇာပိုရစ်ဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံ၌ “ရုတ်တရက် ကပ်ဘေး” တစ်ခုသာ ဖြစ်လာမည်ဆိုပါက ဥရောပဒေသတစ်ခုလုံးကို ခြိမ်းခြောက်လိမ့်မည် ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ဩဂုတ် ၁၅ ရက်တွင် သတိပေးလိုက်သည်။
“ဒီစက်ရုံကို အကာအကွယ် ယူပြီး ကျူးကျော်သိမ်းပိုက်သူ (ရုရှ) တွေဟာ အနီးအနား မြို့တွေနဲ့ လူ့အသိုက်အဝန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်နေပါတယ်” ဟု ဇယ်လန်စကီးက ၎င်း၏ ညနေခင်း မိန့်ခွန်းတစ်ရပ်တွင် ပြောသည်။
“ဇာပိုရစ်ဇီယာ စက်ရုံမှာ ရေဒီယိုသတ္တိကြွမှုဖြစ်စဉ် တစ်ခုခု ဖြစ်မယ်ဆိုရင် ဒါက ဥရောပသမဂ္ဂ နိုင်ငံတွေ၊ တူရကီ၊ ဂျော်ဂျီယာ နဲ့ ပိုပြီး အလှမ်းဝေးတဲ့ ဒေသတွေက နိုင်ငံတွေအပေါ် သက်ရောက်နိုင်ပါတယ်။ အရာအားလုံးဟာ ဦးတည်ရာလမ်းကြောင်းနဲ့ လေရဲ့အလျင်နှုန်းအပေါ် လုံးဝဥဿုံ မူတည်ပါတယ်” ဟု ၎င်းက ပြောသည်။
“အကယ်၍များ ရုရှတို့ရဲ့ လုပ်ရပ်တွေကြောင့် ကပ်ဘေးတစ်ခုကိုဖြစ်စေပြီ ဆိုရင်တော့ ခုချိန်ထိ ဆက်လက် နှုတ်ဆိတ်နေသူတွေဆီကိုလည်း အကျိုးဆက်တွေက ကျရောက်ကောင်း ကျရောက်နိုင်ပါတယ်”
ယင်းအတွက်ကြောင့် ရုရှအပေါ် “တင်းမာပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ” ချမှတ်ရန်နှင့် “နျူကလီးယား ခြိမ်းခြောက် အကျပ်ကိုင်မှု” ကို အလျှော့မပေးရန် ဇယ်လန်စကီးက နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုတိုက်တွန်းခဲ့သည်။
“ရုရှ တပ်ဖွဲ့ဝင်အားလုံးအနေနဲ့ ဘာသတ်မှတ်ချက်မှ မရှိဘဲ ဒီ စက်ရုံနဲ့ အနီးဝန်းကျင် ဧရိယာတွေကနေ ချက်ချင်း ပြန်ဆုတ်ရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
ဥရောပ၏ အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံလည်း ဖြစ်သည့် အဆိုပါ ဇာပိုရစ်ဇီယာ စက်ရုံသည် ရုရှတို့ ယူကရိန်းကို ကျူးကျော်မှု စတင်ပြီးနောက် မတ်လအစပိုင်းတွင် ရုရှတပ်များ၏ သိမ်းပိုက်ထိန်းချုပ်ခြင်းကို ခံထားခဲ့ရသည်။
ဇူလိုင်လကုန်နောက်ပိုင်း ဇာပိုရစ်ဇီယာ စက်ရုံသည် စစ်ရေးတိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်နေခဲ့ပြီး ထို တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး မော်စကိုနှင့် ကိယက်ဗ်တို့က အပြန်အလှန် စွပ်စွဲထားခဲ့ကြသည်။