ဒေါ်အောင်ဆန်းစုကြည်အား ‘မတရား’ ပြစ်ဒဏ်စီရင်ခြင်းကို အီးယူ ရှုတ်ချ 

ဒေါ်အောင်ဆန်းစုကြည်အား ‘မတရား’ ပြစ်ဒဏ်စီရင်ခြင်းကို အီးယူ ရှုတ်ချ 
Photo - AFP

ဩဂုတ် ၁၆

တရားရုံးမှနေ၍ ဒေါ်အောင်ဆန်းစုကြည်အား အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် ခြောက်နှစ် ‘မတရားသဖြင်’ ချမှတ်လိုက်ခြင်းကို အီးယူ နိုင်ငံခြားမူဝါဒအကြီးအကဲ ဂျိုးဆက် ဘော်ရဲလ်က တနင်္လာနေ့တွင် ရှုတ်ချပြီး ချက်ချင်းပြန်လွှတ်ရန် တောင်းဆိုသည်။ 

ယခု နောက်ဆုံး စီရင်ချက်ကြောင့် ဖြုတ်ချခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရခြင်း ဖြစ်သည်။ 

“ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ် ခြောက်နှစ် မတရားသဖြင့် ချမှတ်တာကို ကျွန်တော် ရှုတ်ချပါတယ်”ဟု ဘော်ရဲလ်က တွစ်တာတွင် ရေးသားပြီး မြန်မာစစ်အာဏာသိမ်းအုပ်စုအနေဖြင့် ၎င်းအား ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ရန် တိုက်တွန်းသည်။ 

ထိုပြင် အာရှမြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းအုပ်စုအနေဖြင့် “နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ရန်နှင့် ပြည်သူများ၏ ဆန္ဒကို လေးစားရန်”လည်း ၎င်းက တိုက်တွန်းသည်။ 

ဒေါ်အောင်ဆန်းစုကြည်အား အကျင့်ပျက်ခြစားမှု၊ သွေးထိုးလှုံ့ဆော်မှု၊ COVID-19 စည်းမျဉ်း ချိုးဖောက်မှုနှင့် ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှုတို့ဖြင့် ယခင်က ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပြီးလည်း ဖြစ်သည်။ 

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက အသက် ၇၇ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို စစ်ဗိုလ်ချုပ်များက ဖြုတ်ချကာ ၎င်းအား ဖမ်းဆီးလိုက်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပွင့်သစ်စ ဒီမိုကရေစီ အဆုံးသတ်သွားခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်ဥပဒေ ချိုးဖောက်မှု၊ အကျင့်ပျက်ခြစားမှုနှင့် ရွေးကောက်ပွဲ မသမာမှုများ အပါအဝင် စွဲချက်များစွာဖြင့် တရားစွဲဆိုထားရာ အားလုံးသော အမှုများအတွက် စီရင်ခံပါက ၎င်းအနေဖြင့် ထောင်ဒဏ် ဆယ်စုနှစ်များစွာ ချမှတ်ခံရနိုင်သည်။ 

၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်သော ဆန္ဒပြမှုများနှင့် မတည်ငြိမ်မှုများ ဖြစ်ပွားပေါ်ပေါက်ပြီး တော်လှန်ရေး အင်အားစုများ ပေါ်ပေါက်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required