အမေရိကန်လွှတ်တော်အမတ်များ လာရောက်ချိန် ထိုင်ဝမ်ပတ်လည်၌ တရုတ်က စစ်ရေးလေ့ကျင့်မှုသစ်များ ပြုလုပ် 

အမေရိကန်လွှတ်တော်အမတ်များ လာရောက်ချိန် ထိုင်ဝမ်ပတ်လည်၌ တရုတ်က စစ်ရေးလေ့ကျင့်မှုသစ်များ ပြုလုပ် 

ဩဂုတ်လ ၁၅ ရက်

တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းပတ်လည်၌ တနင်္လာနေ့တွင် စစ်ရေးလေ့ကျင့်မှုသစ်များ ပြုလုပ်ပြီး အမေရိကန်လွှတ်တော်အမတ်များ ထိုင်ဝမ်သို့ လာရောက်မှုကို ပြစ်တင်ရှုတ်ချသည်။ 

ယင်းမတိုင်ခင်က အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ၏ အလားတူ ထိုင်ဝမ်သို့ လာရောက်ခဲ့ခြင်းကို တရုတ်က အမျက်ဒေါသဖြင့် တုံ့ပြန်ထားခဲ့ခြင်းဖြစ်သည်။ 

ယခု ကွန်ဂရက် အကြီးတန်းအဖွဲ့ဝင်များ၏ မကြေညာသော နှစ်ရက်တာ ခရီးစဉ်ကြောင့် ထိုင်ဝမ်အရေးနှင့် ပတ်သက်ကာ “စစ်ပွဲအတွက် ပြင်ဆင်ရလိမ့်မည်” ဆိုသော တရုတ်၏ ပြောဆိုမှုများ ထပ်မံပေါ်ပေါက်လာခဲ့သည်။ ကိုယ်ပိုင်အုပ်ချုပ်သော ထိုင်ဝမ်ကို ၎င်းတို့ပိုင်အဖြစ် တရုတ်ခေါင်းဆောင်များက ပြောထားပြီး တစ်နေ့နေ့၌ သိမ်းယူမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ 

မန်ဆာချူးဆက်လွှတ်တော်အမတ် အက်ဒ် မာ့ကေး ဦးဆောင်သော ငါးဦးပါ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် တနင်္လာနေ့၌ သမ္မတ ဆိုင်အင်ဝမ်နှင့် တွေ့ဆုံကြောင်း တိုင်ပေရှိ အမေရိကန် လုပ်ငန်းဆောင်တာ သံရုံးအရ သိရသည်. 

“အမေရိကန်နဲ့ ထိုင်ဝမ်တို့အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ အဆင့်တူတွေနဲ့ အမြင်ချင်းဖလှယ်တဲ့ အခွင့်အရေး ရရှိခဲ့တယ်”ဟု ယင်း သံရုံးက ဆိုသည်။ 

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ရှိရင်းစွဲအခြေအနေကို ထိန်းသိမ်းထားလိုပြီး အင်ဒို-ပစိဖိတ်ဒေသ၏ ချမ်းသာကြွယ်ဝမှုနှင့် တည်ငြိမ်မှုတို့ကို ပူးတွဲ ထိန်းသိမ်းလိုကြောင်း သမ္မတ ဆိုင်အင်ဝမ်က လွှတ်တော်အမတ်များကို ပြောခဲ့သည်ဟု သမ္မတရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

ယူကရိန်းအား ရုရှ၏ ကျူးကျော်မှုသည် “အာဏာရှင်နိုင်ငံများက ကမ္ဘာကို ခြိမ်းခြောက်နေခြင်း” အဖြစ် ဖော်ပြနေသည်ဟု ၎င်းက ပြောကြောင်း သမ္မတရုံးအရ သိရပြီး တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုကို ရင်ဆိုင်ရာ၌ အမေရိကန်၏ ထောက်ပံ့မှုအတွက် ကျေးဇူးတင်သည်ဟု သမ္မတက ပြောခဲ့သည်။ 

အမေရိကန်၏ ပါတီနှစ်ရပ်ပါ လွှတ်တော်အမတ်များ၏ ယခု ခရီးစဉ်ကြောင့် တရုတ်၏ နောက်ထပ် ရန်လိုသော တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့သည်။ “ထိုင်ဝမ်ကျွန်း ပတ်လည်၌ တိုက်ပွဲအသင့်ရှိ ကင်းလှည့်မှုများနှင့် ပင်လယ်နှင့် ဝေဟင် တိုက်ပွဲဝင် စစ်ရေးလေ့ကျင့်မှုများ” ကို တနင်္လာနေ့တွင် ထပ်၍ လုပ်ဆောင်ကြောင်း တရုတ်က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly