အမျိုးသမီး အဆိုတော် သုံးဦး ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်

အမျိုးသမီး အဆိုတော် သုံးဦး ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်
 ဓာတ်ပုံ-ပန်းမြတ်ဇော်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ။           ။ နာမည်ကြီး ဝါရင့် အဆိုတော် ၃ဦး ဖြစ်ကြသည့် အဆိုတော် မေဆွိ ၊ မီမီဝင်းဖေ ၊ ရတနာဦး တို့ သုံးဦး၏ အဝေး တစ်နေရာဟု အမည်ပေး ထားသည့် တေးဂီတ   ဖျော်ဖြေပွဲကို မတ် ၆ရက်တွင် ရန်ကုန်မြို့ရှိ Gandamar Whole Sale ရှိ Gandamar Grand Ballroom တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။

အဆိုတော် မေဆွိ ၊ မီမီဝင်းဖေ ၊ ရတနာဦး တို့ပါဝင် သီဆို ထားသည့် အဝေးတစ်နေရာ အမည်ရှိ တေးအယ် ဘမ် သည် ၂၀၁၃ ခုနှစ်တွင် ထွက်ရှိ ခဲ့ခြင်း ဖြစ်ပြီး ထို တေးအယ်ဘမ် ခေါင်းစဉ် ကိုပဲ တေးဂီတ ဖျော်ဖြေပွဲ ခေါင်းစဉ် အဖြစ် ပေးဖြစ် ခဲ့ခြင်း ဖြစ်သည်။

"မမီတို့ ၃ယောက်လုံးကို အဝေး တစ်နေရာဆီမှာ မြန်မာပြည်နဲ့ ဝေးဝေးမှာ နေခဲ့ကြတယ်။ အဲ့အချိန်တုန်းက လွမ်းဆွတ်ပြီး အဝေးတစ်နေရာ ဆိုတဲ့ နာမည်နဲ့ ၃ယောက် အခွေလေး လုပ်ခဲ့ကြတယ်။ အခု တိုက်တိုက် ဆိုင်ဆိုင် ၃ယောက် ပြန်ပြီး ဆုံကြတဲ့ အချိန်မှာ အဲ့အချိန်တုန်းက အခွေလေးကို အမှတ်တရ ပြန်ဖြစ်ပြီး ဒီဖျော်ဖြေ ပွဲမှာ ပြန်သုံးထားတာပါ။ ဖျော်ဖြေပွဲမှာ ၃ယောက်တွဲ ဆိုတာတွေရော တစ်ယောက်ချင်းစီ ဖျော်ဖြေ တာတွေလဲ ပါဝင်မှာပါ" ဟုတေးသံရှင် မီမီဝင်းဖေက ပြောသည်။

သုံးယောက်တွဲ တေးဂီတ ဖျော်ဖြေပွဲ ကျင်းပ ပြုလုပ်ရန် စီစဉ် ခဲ့သည်မှာ ၃ကြိမ်မြောက် ရှိပြီ ဖြစ်ပြီး အကြောင်း အမျိုးမျိုးဖြင့် မကျင်းပ ဖြစ်ခဲ့ဘဲယခုအခါမှ Gandamar Whole Sale ရှိ Gandamar Grand Ballroom တွင် ကျင်းပ ပြုလုပ်ဖြစ်ခြင်း ဖြစ်သည်။

 တေးဂီတ ဖျော်ဖြေပွဲတွင် အဆိုတော် မေဆွိ ၊ မီမီဝင်းဖေ ၊ ရတနာဦး တို့ တစ်ချိန်က အောင်မြင် ခဲ့ကြသည့် တေးသီချင်း များ ဖြင့် ပရိသတ်များကို ဖျော်ဖြေ တင်ဆက်မှာ ဖြစ်သလို သုံးယောက်တွဲ သီဆို ဖျော်ဖြေမှုများ လည်း ပါဝင်မည် ဖြစ်သည်။

"ဒီပွဲလေးကို စီစဉ်တာ ဒါ သုံးကြိမ်မြောက်ပါ ။ စစစီစဉ်ခြင်းတုန်းက ရေဘေးကြောင့် မလုပ်ဖြစ်ခဲ့ဘူး။ ဒုတိယ တစ်ကြိမ်မှာကျ အမျိုးသားကဇာတ်ရုံက စင်တင်တေးဂီတတွေ ခွင့်မပြုဘူး ဆိုတာနဲ့ မလုပ်ဖြစ်ခဲ့ပြန်ဘူး။ ဒီတစ်ခေါက်မှာမှ လုပ်ဖြစ်တာပါ။ လာကြည့်တဲ့ ပရိသတ်တွေ တန်အောင် ကျေနပ်ပြီး အိမ်ပြန် သွားရတဲ့ ပွဲလေး တစ်ပွဲ ဖြစ်အောင် စီစဉ် ထားပါတယ်" ဟု တေးသံရှင် မေဆွိ က ပြောသည်။

အဝေး တစ်နေရာ တေးဂီတ ဖျော်ဖြေပွဲ လက်မှတ်များကို တစ်စောင်လျှင် သုံးသောင်း ၊ နှစ်သောင်း ၊ တစ်သောင်း ကျပ် ဖြင့် စီစဉ် ထားပြီး လက်မှတ်များကို ဖေဖော်ဝါရီ ၁၉ရက်မှ စတင်ပြီး ဝယ်ယူ ရရှိနိုင်မည် ဖြစ်သည်။

လက်မှတ်များကို မန်းသီရိ တေးသံသွင်း ၊ Ko Ko Beauty Saloon (Dagon Centre)  ၊ MMTIX Door To Door Ticket တို့တွင် ဝယ်ယူ ရရှိနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly