အမျိုးသမီးများ၏ အခက်အခဲကို မျှဝေခံစားမှုရှိကြောင်း ဖော်ပြသည့် အနေဖြင့် အမျိုးသားများက ဒေါက်ဖိနပ်စီး လှုပ်ရှားမှု ပြုလုပ်

အမျိုးသမီးများ၏ အခက်အခဲကို မျှဝေခံစားမှုရှိကြောင်း ဖော်ပြသည့် အနေဖြင့် အမျိုးသားများက ဒေါက်ဖိနပ်စီး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသမီးများ၏ အခက်အခဲနှင့် နာကျင်မှုများကို မျှဝေခံစားမှုရှိကြောင်း ဖော်ပြသည့် အနေဖြင့် အမျိုးသားများက ဒေါက်ဖိနပ်စီး ဝတ်ဆင်သွားလာသည့် လှုပ်ရှားမှု တစ်ခုကို ဇွန် ၂၇ ရက်က ရန်ကုန်မြို့၊ မြေနီကုန်း ဒဂုံစင်တာ -၂ ၊ ဒုတိယထပ်ရှိ ပရိုမိုးရှင်း ဧရိယာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုကို ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ Research Working Group အဖွဲ့ဝင်များမှ ပူးပေါင်းကျင်းပသည့် “ရုန်းမထွက်သာ အစဉ်အလာ” Public Campaign ကျင်းပသည့် အစီအစဉ်တွင် ထည့်သွင်းကျင်းပခဲ့ခြင်း ဖြစ်သည်။ 

ယင်းလှုပ်ရှားမှုကို ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ ကွန်ရက်အဖွဲ့တစ်ခု ဖြစ်သည့် မြန်မာနိုင်ငံ မသန်စွမ်းအမျိုးသမီးများအဖွဲ့မှ အဖွဲ့ဝင် အမျိုးသားများက လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ အနေဖြင့် “put yourself in her shoes” အမည်ဖြင့် အဖွဲ့ဖွဲ့ကာ ဒေါက်ဖိနပ်စီး လှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ယင်းလှုပ်ရှားမှုတွင် ပါဝင်သည့် ကိုမျိုးခိုင်က ဆိုသည်။ 

ကိုမျိုးခိုင်က  “အမျိုးသမီးများ၏ အခက်အခဲနဲ့ နာကျင်မှုတွေကို မျှဝေခံစားမှု ရှိတယ်ဆိုတာကို ဖော်ပြရာမှာ အလွယ်ကူဆုံး၊ အမြင်သာဆုံးဖြစ်တဲ့ ဒေါက်ဖိနပ်စီး ကန်ပိမ်းပုံစံနဲ့ လှုပ်ရှားတာပါ။ တစ်ခြားနိုင်ငံတွေမှာတော့ လမ်းလျှောက်ပြီး လှုပ်ရှားမှုလုပ်နေကြပါ။ ကျွန်တော်တို့ကတော့ ခုမှ စတာမို့ ဒီပွဲတစ်လျှောက်လုံး ဒေါက်ဖိနပ်စီးတယ်၊ စတိတ်စင်ပေါ်မှာ ဒီကန်ပိမ်းအကြောင်း ပြောတယ်။ လမ်းလျှောက်ပွဲတော့ မလုပ်သေးဘူးပေါ့။ အမျိုးသမီးအရေးအတွက် တစ်ခြားသော လမ်းလျှောက်တဲ့ လှုပ်ရှားမှုတွေရှိရင်တော့ အတူပူးပေါင်းသွားမယ်။ ဒေါက်ဖိနပ်စီးရာတာ လွယ်တာတော့ မဟုတ်ဘူးဗျ တော်တော် နာတယ်” ဟု ဆိုသည်။

အမျိုးသမီးများအတွက် မိသားစု၊ လုပ်ငန်းခွင်၊ ကျောင်းစသည့် ပတ်ဝန်းကျင်များတွင် ရှိနေသည့် မတူညီသော စိန်ခေါ်မှုများ၊ အခက်အခဲများကို လွဲမှားသော စံနှုန်းများကြောင့် ခွဲခြားဆက်ဆံ ခံနေရမှုများကို ဖယ်ရှား၍ ပွင့်လင်းလွတ်လပ်သော လူနေမှု တစ်ရပ်စီသို့ ရောက်စေရန်အတွက် ယင်းကဲ့သို့သော လှုပ်ရှားမှုများတွင် အမျိုးသားများက ကိုယ်တိုင်ကိုယ်ကျ ပါဝင်သင့်သည်ဟုလည်း ကိုမျိုးခိုင်က ဆိုသည်။

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက “အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့ မတူဘဲ ယူနေရတဲ့ ကိုယ်ဝန်ဆောင်၊ ကလေးမွေးရတာစတဲ့ တာဝန်တွေများစွာ ရှိတယ်။ ဒါတွေကို အမျိုးသားတွေက ကိုယ်ချင်းစာစိတ်နဲ့ ခံစားပေးသင့်တယ် ဆိုတာကို  လူထုဆိုင်ရာ နေရာတွေမှာ ပြသဖို့ အကောင်းဆုံး နည်းလမ်းကို ရွေးခဲ့တာလို့မြင်မိတယ်” ဟု ဆိုသည်။

ယင်းပွဲတွင် အမျိုးသမီးများနှင့် မီဒီယာ၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ အားကစားဆိုင်ရာ သတင်းစကားများအား သရုပ်ဖော်ပြဇာတ်၊ Dancer စသည့် ဖျော်ဖြေမှုများဖြင့် အသိပညာပေးခဲ့ပြီး “ရုန်းမထွက်သာ အစဉ်အလာ” ဆုရဓာတ်ပုံများကို ပြသခဲ့သည်။

ထို့အပြင် ချစ်သုဝေ၊ ရေဗက္ကာဝင်းတို့မှ “ရုန်းမထွက်သာ အစဉ်အလာ” ဆိုင်ရာ အမေးအဖြေ ကဏ္ဍများကို တင်ဆက်၍ ပါဝင်သူတိုင်းအား လက်ဆောင်များပေးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags