အာဏာသိမ်း စစ်ကောင်စီ၏ ပြိုင်ဖက်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် အာဆီယံကို မလေးရှား တိုက်တွန်း 

အာဏာသိမ်း စစ်ကောင်စီ၏ ပြိုင်ဖက်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် အာဆီယံကို မလေးရှား တိုက်တွန်း 

ဩဂုတ် ၁၁

မလေးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ထစ်ငေါ့နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရှင်းလင်းပြတ်သားမှု ရှိလာရေးကို လိုလားပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ ပြိုင်ဖက်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန်ကိုလည်း အားပေးကာ အခြားသော နိုင်ငံများကိုပါ ပါဝင်လာစေလိုသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဩဂုတ် ၁၀ ရက်တွင် ပြောသည်။ 

လုပ်ငန်းစဉ်များ ပိုမိုထိရောက်အကျိုးရှိရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၏ သက်တမ်းက တစ်နှစ်ထက် ပို၍ ကြာသင့်ကြောင်းလည်း မြန်မာနိုင်ငံ၏ ပြဿနာများသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြောင့် စစ်ကောင်စီကို အမျက်ထွက်ရသည်ဟု ဘွင်းဘွင်းရှင်းရှင်း ပြောထားဖူးသူ နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အက်ဘ်ဒူလက်ရှ်က ပြောသည်။ 

မြန်မာနိုင်ငံဿည် ပြီးခဲ့သည့်နှစ်က စစ်အာဏာသိမ်းလိုက်၍ မြေစမ်းခရမ်းပျိုး ဆယ်နှစ်တာ ဒီမိုကရေစီ အဆုံးသတ်ခဲ့ရပြီးနောက်တွင် ဝရုန်းသုန်းကား အခြေအနေ ဆိုက်ရောက်လျက် ရှိသည်။ စစ်အာဏာသိမ်းမှုကြောင့် ဆန္ဒပြသပိတ်များ ဖြစ်ပွားသကဲ့သို့ လက်နက်ကိုင်တော်လှန်မှုများလည်း ပေါ်ပေါက်ရာ စစ်ဗိုလ်ချုပ်များက လူအများအပြား သေဆုံးသည့်အထိ အင်အားသုံးလာခဲ့သည်။ 

ပါတီပေါင်းစုံ ဆွေးနွေးပွဲများ၊ လူသားချင်း စာနာထောက်ထားရေး အကူအညီ လက်ခံရေးနှင့် ရန်လိုမှုများ အဆုံးသတ်ရေးတို့ အပါအဝင်ဖြစ်သည့် အစီအစဉ်အား လိုက်နာအကောင်အထည်ဖော်ခြင်း ကင်းမဲ့သဖြင့် အာဏာသိမ်းစစ်ကောင်စီအပေါ် အာဆီယံနိုင်ငံများ၏ သည်းခံနိုင်မှု ကုန်ခမ်းသွားသည်။ အာဆီယံအနေဖြင့် အဖွဲ့ဝင် တစ်နိုင်ငံချင်းစီ၏ ပြည်တွင်းရေးအား မစွက်ဖက်ရေး မူကို ချမှတ်ထားခြင်း ဖြစ်သည်။ 

အာဆီယံအဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံ ပြည်သူများကို သိက္ခာရှိရှိ ထောက်ခံအားပေးရန်နှင့် စစ်ကောင်စီက တရားမဝင်ဟု ကြေညာထားသော အဝေးရောက် အစိုးရအပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်းက အတိုက်အခံ အုပ်စုများနှင့် ထိတွေ့ဆက်ဆံရေးမှာ “လုံးဝနီးပါး အရေးကြီးကြောင်း” ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း၌ ဆိုင်ဖူဒင်က ပြောသည်။ 

“အခုက ဘက်တစ်ဖက်တည်း ရှိနေတယ်၊ ကျွန်တော်တို့က စစ်အာဏာသိမ်းအုပ်စုနဲ့ပဲ ထိတွေ့ဆက်ဆံနေတယ်”ဟု ၎င်းက သတင်းထောက်များအား ပြောသည်။ 

စစ်ကောင်စီသည် “အကြမ်းဖက်သမားများ” ဟု  ၎င်းတို့ သတ်မှတ်သော အဖွဲ့အုပ်စုများနှင့် အာဆီယံအဖွဲ့ဝင်များက ဆက်ဆံခြင်းမပြုရန် အကြိမ်ကြိမ် တိုက်တွန်းပြောဆိုထားသည်။ 

မကြာသေးခင်က ခုခံတော်လှန်မှု လှုပ်ရှားမှုများနှင့် ဆက်စပ်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လေးဦးအား သေဒဏ်ပေးကွပ်မျက်လိုက်ပြီးနောက် စစ်ကောင်စီကို နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများ ပြင်းထန်ခဲ့သည်။ ၎င်းတို့ကမူ ဥပဒေအရ လိုအပ်၍ သေဒဏ်ပေးခြင်းဟု ခုခံပြောဆိုသည်။ 

တစ်ခုတည်းသော သံတမန် လုပ်ငန်းစဉ်ဖြစ်သည့် အာဆီယံ ဦးဆောင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကူညီအားဖြည့်ရန် တတိယပါတီ နိုင်ငံများ၏ ထောက်ပံ့မှု ရရန် ကြိုးပမ်းရေးကို ပြီးခဲ့သည့် သီတင်းပတ်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဆွေးနွေးခဲ့သည်ဟု ဆိုင်ဖူဒင်က ပြောသည်။ 

“ကျွန်တော်တို့တွေထဲက တချို့ဟာ အာဆီယံ တစ်ဖွဲ့တည်းနဲ့ မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ အာဆီယံ ဆွေးနွေးဖက်တွေထဲက အချို့နိုင်ငံတွေကို ပါဝင်ကူညီစေဖို့ ဆွေးနွေးခဲ့တာ ရှိတယ်”ဟု မည်သည့် နိုင်ငံဟု အမည်ထုတ်ဖော်ခြင်း မရှိဘဲ ၎င်းက ပြောဆိုခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required