ထိုင်းဝန်ကြီးချုပ် ပရာယွတ် နောက်ထပ် ၂ နှစ် ရာထူး ဆက်ယူလိမ့်မည်ဟု လက်ထောက်ဖြစ်သူ ပြော

ထိုင်းဝန်ကြီးချုပ် ပရာယွတ် နောက်ထပ် ၂ နှစ် ရာထူး ဆက်ယူလိမ့်မည်ဟု လက်ထောက်ဖြစ်သူ ပြော

ဩဂုတ် ၁၀

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ဝန်ကြီးချုပ်ရာထူးကို နောက်ထပ် ၂ နှစ် ဆက်လက်တာဝန်ယူလိမ့်မည် ဖြစ်ကြောင်း ၎င်း၏ လက်ထောက်ဖြစ်သည့် ဒုဝန်ကြီးချုပ်ဖြစ်သူက ဩဂုတ် ၉ ရက်တွင် ပြောသည်။ တစ်ချိန်တည်းမှာပင် လာမည့်နှစ်တွင် ကျင်းပလိမ့်မည်ဟု မျှော်လင့်ထားသော ရွေးကောက်ပွဲတစ်ခု မတိုင်မီ ထိုင်းဝန်ကြီးချုပ်ကို ယခုလထဲ ရာထူးမှ ဖယ်ရှားရေး တရားရုံး အမိန့်ချမှတ်မှုတစ်ရပ် ထွက်ပေါ်လာစေရန် အဓိက အတိုက်အခံပါတီဘက်က ကြိုးပမ်းနေသည်။

အကယ်၍ ဝန်ကြီးချုပ် ပရာယွတ် အများဆုံးတာဝန်ထမ်းဆောင်ခွင့်ကာလ ပြည့်မြောက်သွားပြီဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကသာ ဆုံးဖြတ်ခဲ့မည် ဆိုပါက ၎င်း၏နေရာတွင် အစားဝင်ရန် ပြင်ဆင်ထားသလားဆိုပြီး အသက် ၇၆ နှစ်ရှိ စစ်တပ်အကြီးအကဲဟောင်း ထိုင်းဒုဝန်ကြီးချုပ် တစ်ဦးဖြစ်သည့် ပရာဝစ် ဝေါင်ဆုဝမ်ကို သတင်းထောက်များက ဩဂုတ် ၉ ရက်က မေးမြန်းခဲ့သည်။

“ကျွန်တော် ဘယ်လိုလုပ် အဆင်သင့် ဖြစ်နိုင်မှာလဲ။ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော် တွေးတောင် တွေးမထားပါဘူး” ဟု ပရာဝစ်က အစိုးရအဖွဲ့အစည်းအဝေးတစ်ခု မတိုင်မီ သတင်းထောက်များကို ပြောသည်။ “ဝန်ကြီးချုပ် (ပရာယွတ်) က နောက်ထပ် နှစ်နှစ် ဆက်တာဝန်ထမ်းဆောင်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ကန့်လန်ကာ နောက်ကွယ်၌ ဩဇာအရှိန်အဝါ အသုံးချမှုအတွက် နိုင်ငံရေး ပွဲမင်းတစ်ဦး အဖြစ် သိကြသော ပရာဝစ်သည် ၎င်း ရည်ညွှန်းပြောဆိုသည့် နှစ်နှစ်အချိန်ကာလထဲတွင် ပရာယွတ် လာမည့် ၁၀ လအတွင်း ခေါ်ယူရမည့် ရွေးကောက်ပွဲတစ်ရပ် ပါသလားဆိုသည်ကို ပြောခဲ့ခြင်း မရှိပေ။

၂၀၁၄ အာဏာသိမ်းခေါင်းဆောင် ပရာယွတ်အနေဖြင့် ထိုင်းဝန်ကြီးချုပ်ရာထူးတွင် ၎င်း၏ အများဆုံးတာဝန်ထမ်းဆောင်ခွင့် ရှစ်နှစ် ကာလက မည်သည့်အချိန်တွင် ပြည့်မလဲ ဆိုသည်နှင့် အာဏာသိမ်းအုပ်စု၏ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့်အချိန်ကာလကို ထည့်တွက်ရမည်လား ဆိုသည်တို့နှင့်ပတ်သက်ပြီး တရားရုံးက ရှင်းရှင်းလင်းလင်း ထုတ်ပြန်စေရန် အတိုက်အခံ ဖျူထိုင်းပါတီက အလိုရှိနေသည်။

ပရာယွတ်သည် အာဏာသိမ်းအုပ်စု၏ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် အချိန်မှ စတွက်ပါက ဩဂုတ် ၂၃ ရက်တွင် ရှစ်နှစ် အတိအကျ ပြည့်မြောက်လိမ့်မည် ဖြစ်ကြောင်း ဖျူထိုင်းပါတီက ပြောသည်။

သို့သော် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းပြီးနောက်ပိုင်းမှသာလျင် ထို ရှစ် နှစ်ကာလက စတွက်၍ ရမည် ဖြစ်ကြောင်း ပရာယွတ်ကို ထောက်ခံသူများက ယုံကြည်နေကြသည်။

ယခုကိစ္စက တရားရုံး ဆုံးဖြတ်မှုအပေါ် မူတည်လိမ့်မည် ဖြစ်ကြောင်း ပရာယွတ်က ပြောခဲ့သည်။

အတိုက်အခံတို့သည် ဝန်ကြီးချုပ် ပရာယွတ်ကို ရာထူးမှ ဖယ်ရှားရန် ဥပဒေရေးရာ နည်းလမ်းနှင့် လွှတ်တော်နည်းလမ်းတို့မှတစ်ဆင့် ထပ်တလဲလဲ ကြိုးပမ်းထားခဲ့ကြပြီး အငြိမ်းစား ဗိုလ်ချုပ်ကြီးသည် ပြီးခဲ့သည့် နှစ်များအတွင်း အကြီးမားဆုံးသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအချို့ပေါ်ပေါက်ခဲ့ချိန်အတွင်းမှာလည်း ရာထူးတွင် ဆက်လက် ရပ်တည်ထားနိုင်ခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly