ကချင်တော်လှန်ရေးအင်အားစုများနှင့်လက်တွဲ၍ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချမည်ဟု ကချင်အာဇာနည်နေ့ အခမ်းအနားသို့ NUG မှသဝဏ်လွှာပေးပို့

ကချင်တော်လှန်ရေးအင်အားစုများနှင့်လက်တွဲ၍ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချမည်ဟု ကချင်အာဇာနည်နေ့ အခမ်းအနားသို့ NUG မှသဝဏ်လွှာပေးပို့

ဩဂုတ် ၁၀

ရန်ကုန်(မဇ္ဈိမ)။ ။ ယနေ့ သည် ကချင်တော်လှန်ရေးအတွက် အသက်ပေးသွားကြသည့် ကချင်အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့သည့် အထိမ်းအမှတ်ဖြင့် ပြုလုပ်သော ၄၇ နှစ်မြောက် အာဇာနည်နေ့ (Share Shagan Nhtoi) ဖြစ်ခြင်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ​ (NUG) က ကချင်အာဇာနည်နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါသဝဏ်လွှာတွင် အချက် ငါးချက် ပါရှိပြီး ကချင်တော်လှန်ရေးအင်အားစုများနှင့်လက်တွဲ၍ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချကာ ကချင်လူမျိုးများ အပါအဝင် မြန်မာနိုင်ငံတိုင်းရင်းသားအားလုံး လိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားရန် လေးနက်စွာ သန္နိဋ္ဌာန်ချထားကြောင်း ဖော်ပြထားသည်။

ကချင်အာဇာနည်နေ့သည် ကချင်တော်လှန်ရေး၏ သန္ဓေကို စုပေါင်းထမ်းရွက် ဆောက်တည်ခဲ့ကြသည့် ကချင်အမျိုးသား အာဇာနည်များအတွက် အောက်မေ့ဖွယ် နေ့ရက် တစ်ခု ဖြစ်ကာ ကချင်လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် နိုင်ငံရေးတန်းတူညီမျှခွင့်အတွက် ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းရွက်နေသော ကချင်တော်လှန်ရေး ဖခင်ကြီးများအား တော်လှန်ရေး မှေးမှိန်ပျောက်ကွယ်ရန် ရည်ရွယ်၍ အာဏာရှင်များက ၁၉၇၅ ခုနှစ် သြဂုတ်လ အစောပိုင်းရက်များတွင် စနစ်တကျ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းသည် ကချင်လူထုအတွက် ကြီးစွာသော ဆုံးရှုံးနစ်နာမှု ဖြစ်ခဲ့ရပြီး နှစ်ပေါင်းများစွာ ပူဆွေးဝမ်းနည်းခဲ့ရသည့် ကြေကွဲဖွယ်ဖြစ်ရပ် တစ်ခုလည်းဖြစ်သည်ဟု ဆိုထားသည်။

သို့သော်လည်း ကချင်တော်လှန်ရေးသည် ဦးမကျိုးခဲ့ဘဲ ၄၇ နှစ်တိုင်၊ ဆင့်ကဲပြောင်းလဲလာကာ ကချင့်တော်လှန်ရေးတပ်ဦးဖြစ်သော KIO/KIA ကို စုစည်း၍ ဆက်လက်ဦးဆောင်ချီတက်နိုင်သည်မှာ လေးစားဂုဏ်ယူဖွယ်ဖြစ်ကြောင်းလည်း ပြောသည်။

ခေတ်အဆက်ဆက် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးအရ ရပိုင်ခွင့် အခွင့်အရေးများကို လျစ်လျူရှု၍ လက်နက်အားကိုး အုပ်ချုပ်ခဲ့သည့် အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းပြီး အမျိုးသားညီညွတ်ရေးအစိုးရသည် ကချင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးများ အားလုံးလိုလားတောင့်တနေသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန် သန္နိဋ္ဌာန်ချထားသည့် အစိုးရဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် ကျရောက်လာသော ၄၇ နှစ်မြောက် ကချင်အာဇာနည်နေ့၌ ကချင် တစ်မျိုးသားလုံးနှင့်အတူ ဝမ်းနည်းကြေကွဲရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ​ (NUG) မှ သဝဏ်လွှာ ပေးပို့ထားသည်။

Photo Crd - simsakasa

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကချင်အာဇာနည်နေ့

#NUG

#သဝဏ်လွှာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly