ဂျပန်နိုင်ငံအနေဖြင့် မြန်မာစစ်တပ်အား သင်တန်းပေးခြင်းများ ရပ်ရန်နှင့် စစ်ရေးဆက်ဆံမှု ဖြတ်တောက်ရန် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ပြော 

ဂျပန်နိုင်ငံအနေဖြင့် မြန်မာစစ်တပ်အား သင်တန်းပေးခြင်းများ ရပ်ရန်နှင့် စစ်ရေးဆက်ဆံမှု ဖြတ်တောက်ရန် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ပြော 

ဩဂုတ် ၁၀

ဂျပန်နိုင်ငံတွင် စစ်သင်တန်း တက်ရောက်ခဲ့သည့် မြန်မာစစ်တပ်ဗိုလ်ချုပ် တစ်ဦးသည် တိုင်းရင်းသားလူနည်းစုဒေသများ၌ ကြီးလေးသော မတော်မတရား ဖိနှိပ်ခြင်းများတွင် ပါဝင်ပတ်သက်မှုရှိသော ဒေသဆိုင်ရာ ကွပ်ကဲမှု၌ အဆင့်မြင့်အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဩဂုတ် ၁၀ ရက်တွင် ပြောသည်။ 

၂၀၂၁ ဩဂုတ်မှ ၂၀၂၂ ဇူလိုင်အထိ ဗိုလ်မှူးချုပ် တင်စိုးသည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၌ အခြေစိုက်ခဲ့ကြောင်း၊ ယင်း ဌာနချုပ်သည် ရှမ်းနှင့် ကရင်နီပြည်နယ်က စစ်ဆင်ရေးများကို ကွပ်ကဲရပြီး လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များမှာ အရပ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် အခြားသော ရက်စက်ယုတ်မာသည့် လုပ်ရပ်များတွင် တာဝန်ရှိနေခြင်းဖြစ်ကြောင်း HRW က ဆိုသည်။ 

မြန်မာနှင့် စစ်သင်တန်းပေးရေး အစီအစဉ်ကို ဂျပန်အစိုးရအနေဖြင့် ချက်ချင်း ရပ်တန့်သင့်ပြီး စစ်သင်တန်းပေးခဲ့သူများသည် စစ်ဥပဒေချိုးဖောက်သော စစ်ဆင်ရေးများ၌ ပါဝင်ခြင်း ရှိမရှိကို စုံစမ်းစစ်ဆေးသင့်ကြောင်း HRW က တိုက်တွန်းသည်။ 

“ဂျပန်စစ်သင်တန်းပေးရေး အစီအစဉ်မှာ အောင်မြင်ခဲ့တဲ့ မြန်မာစစ်ဗိုလ်တွေဟာ မြန်မာစစ်တပ် ထင်တိုင်းကြဲ မတော်မတရား ပြုမှုနေတဲ့ ပဋိပက္ခဒေသတွေမှာ တာဝန်ထမ်းနေကြတယ်”ဟု HRW ၏ အာရှစီမံကိန်း တာဝန်ရှိသူ တက်ပီ ကာဆိုင်းက ပြောသည်။ “ဂျပန်အစိုးရအနေနဲ့ မီးနဲ့ ကစားနေတာကို ရပ်သင့်ပြီး မြန်မာစစ်တပ်ကို ထောက်ပံ့မှုတွေကို ချက်ချင်း အဆုံးသတ်ရမှာ ဖြစ်တယ်”ဟု ၎င်းက တိုက်တွန်းသည်။ 

ယခု ဖော်ပြပါ ဗိုလ်မှူးချုပ် တင်စိုးသည် ၂၀၁၆ ဩဂုတ်မှ ၂၀၁၇ မတ်လအထိ ဗိုလ်မှူးအဆင့်ဖြင့် ဂျပန်နိုင်ငံ၏ Ground Self Defense Force Staff College တွင် တက်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု All Japan Defense Association အဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီးဌာန မှတ်တမ်းအရ သိရသည်။ တင်စိုးသည် ၂၀၁၉ မှ ၂၀၂၁ အထိ တိုကျိုတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း တိုက်ရိုက်သိရှိသည့် သတင်းရင်းမြစ်နှင့် နိုင်ငံပိုင်မီဒီယာသတင်းများအရ သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ၌ စစ်အာဏာသိမ်းပြီးနောက် တင်စိုးသည် ဂျပန်နိုင်ငံမှ ထွက်ခွာခဲ့ကာ ဗိုလ်မှူးချုပ်အဖြစ် ခန့်အပ်ခံရကြောင်း သတင်းရင်းမြစ် နှစ်ရပ်က ဆိုသည်။ ၂၀၂၁ ဩဂုတ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ တာဝန်ပေးခံရသည်. ၂၀၂၂ ဇူလိုင်တွင် တင်စိုးအား နေပြည်တော်၌ ပြန်လည်ထားရှိကြောင်း သတင်းရင်းမြစ်တစ်ရပ်က ပြောသည်။ 

မြန်မာစစ်တပ်၏ ဒေသဆိုင်ရာ စစ်တိုင်း ၁၄ ခုအနက် တစ်ခုဖြစ်သော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သည် အာဏာသိမ်းပြီးနောက် တိုက်ပွဲများ ပြင်းထန်သော နယ်မြေများဖြစ်သည့် ရှမ်းနှင့် ကရင်နီပြည်နယ်တို့၌ ခြေလျင်တပ်ရင်း ၄၀ ကျော်ကို ထိန်းချုပ်ထားသည်။ ၂၀၂၁ မေလတွင် ယင်း ဒေသအတွင်း၌ စစ်တပ်စစ်ဆင်ရေးများ ပြန်လည်ဖော်ဆောင်ချိန်မှစကာ မတရား သတ်ဖြတ်မှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများ၊ ထင်ရာစိုင်း ဖမ်းဆီးမှုများ၊ လုယက်ခြင်းများနှင့် မီးရှို့ခြင်းများအပြင် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ၊ အရမ်းကာရော တိုက်ခိုက်မှုများနှင့် မြေမြုပ်မိုင်း အသုံးပြုခြင်းများအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်က တပ်ရင်းတပ်ဖွဲ့များက ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များနှင့် လွတ်လပ်သော သတင်းမီဒီယာများက မှတ်တမ်းများ ဖော်ပြခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly