မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသားထံမှ ဘိန်းဖြူ သိန်း ၅,၀၀၀ ကျော်ဖိုး ဖမ်းဆီးမိရ

မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသားထံမှ ဘိန်းဖြူ သိန်း ၅,၀၀၀ ကျော်ဖိုး ဖမ်းဆီးမိရ

ဩဂုတ်လ ၅ ရက်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇော်လ် မြို့တွင် မြန်မာနိုင်ငံသား တစ်ဦးထံမှ ဘိန်းဖြူ ၄၂၈ ဒသမ ၀၄ ဂရမ် ဖမ်းဆီးရပြီး နိုင်ငံတကာဈေးကွက် ပေါက်ဈေးအရ ရူပီး ၂၁၄သိန်း (မြန်မာငွေ သိန်း ၅,၀၀၀ကျော်) တန်ဘိုး ရှိကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဩဂုတ်လ ၄ရက် ယမန်နေ့တွင် ကြိုတင် သတင်းရရှိထားချက်အရ အိုက်ဇောလ်ခရိုင် အထူး ရဲတပ်ဖွဲ့ နှင့် အာသံရိုင်ဖယ်ပူးပေါင်းပြီး အိုက်ဇောလ်မြို့တွင် မြန်မာနိုင်ငံ ချင်းပြည်နယ် Darkhai ရွာသစ် ကနေလာသော Khup Za Tunga (အသက် ၄၂) အား မူးယစ်ဆေးဝါးနှင့်အတူဖမ်းဆီးမိရကြောင်း ဆိုသည်။

အဆိုပါဖမ်းဆီးရသူအား ဆက်လက်စုံစမ်းစစ်ဆေးရန်နှင့် တရားဥပဒေအရ တရားစွဲ အရေးယူသွားနိုင်ရန် ကူလီကွန်ရပ်ကွက် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရသည်။

“အခုလိုမြန်မာနိုင်ငံသားများဆီကနေ မူးယစ်ဆေးဝါးတွေ မကြာခဏဖမ်းဆီးရမိနေတဲ့ သတင်းတွေကြားနေရတာ အတော်စိတ်ပျက်စရာကောင်းပါတယ်၊ ကျနော်တို့က သူများတိုင်းပြည်မှာ လာနေရတဲ့အချိန် ကိုယ်တိုင်ပြည်ကလူတွေက ဥပဒေစည်းကမ်းတွေကို မလိုက်နာကြတော့ ဒေသခံတွေက စစ်ဘေးရှောင်တွေအပေါ်မှ အမြင်စောင်းပြီး စေတနာပျက်မှာကို စိုးရိမ်မိတယ်” ဟု အမည်မဖော်လိုသော မီဇိုရမ်ရောက် မြန်မာနိုင်ငံသားတစ်ဦးက မဇ္စျိမကို ပြောသည်။

ဒေသခံများအကြားတွင်လည်း ယခုကဲ့သို့ မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးရမိနေမှုအပေါ် အမြင်များကွဲပြားလျက်ရှိနေပြီး အချို့သည် မြန်မာနိုင်ငံသားများကို ယခုကဲ့သို့ ကူညီစောင့်ရှောက်ထားခြင်းအပေါ် မထောက်ထားဘဲ ၎င်းတို့ လူမျိုးများ လူညွှန့်တုန်းစေရန် မူးယစ်ဆေးဝါးများတင်သွင်းနေသဖြင့် လက်ခံမထားသင့် ဟူသော အမြင်မျိုးရှိကြကြောင်းဆိုသည်။

သို့သော် အစိုးရ ၊ အရပ်ဖက်အဖွဲ့အစည်းနှင့် အကူအညီပေးရေးအဖွဲ့အစည်းများအမြင်တွင် လူဆိုးလူကောင်းခွဲခြားသိမြင်ပြီး ယခုဖမ်းဆီးရသောသူများနှင့် စစ်ဘေးရှောင်များတွင် အဆက်အစပ်မရှိဘဲ ဥပဒေကို မလိုက်နာတဲ့သူများကိုသာ အရေးယူရမည်ဆိုသော သဘောထားများရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ မတရားဖမ်းဆီး သတ်ဖြတ်ခြင်းအပါအဝင် ကာကွယ်ရေးတပ်ဖွဲများနှင့် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၄၀,၀၀၀ ခန့် မီဇိုရမ်တွင် တိမ်းရှောင်နေရကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများထံမှ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly