ဆဒုံးမြို့သို့ စစ်ရှောင်ပြည်သူ ၁၀၀ နီးပါးရောက်ရှိလာပြီး၊ ကုန်တင်ကားအချို့လည်း ပိတ်မိနေ

ဆဒုံးမြို့သို့ စစ်ရှောင်ပြည်သူ ၁၀၀ နီးပါးရောက်ရှိလာပြီး၊ ကုန်တင်ကားအချို့လည်း ပိတ်မိနေ

ဩဂုတ် ၅

ကချင် (မဇ္စျိမ) ။ ။တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းသို့သွားသည့် ပြည်ထောင်စုလမ်းပေါ်ရှိ အင်ဝမ်းကောင့် (N’Wan Kawng) ကျေးရွာတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ ၁၀၀ နီးပါး ဩဂုတ်လ ၂ ၄ ရက် ယမန်နေ့ နံနက်က ဆဒုံးမြို့ရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းသို့ ရောက်ရှိနေ ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။

“ ဆဒုံးမြို့ကလည်း အားလုံးသိတဲ့အတိုင်း ဒီမှာက စစ်တပ်ရော ပြည်သူ့စစ်တွေပါရှိနေတာဆိုတော့ စစ်ရှောင်လာတဲ့သူတွေအတွက် နေရာပေးဖို့ကအရမ်းခက်နေတယ်။ အခုက ဒီမှာ(ဘုရားကျောင်း) ရောက် နေပြီဆိုတော့ သူတို့ကိုနေရာခွဲချထားပေးဖို့တောင် ခက်နေတယ်" ဟု မြို့ခံတစ်ဦးက ဆိုသည်။

အင်၀မ်းကောင်ရွာသည် ကန်ပိုက်တီသွားသည့် လမ်းမဘေးရှိ ဆနာကျေးရွာအုပ်စုမှ တောင်ပေါ်ရွာငယ် တစ်ခုဖြစ်ပြီး စစ်တပ်နှင့် ပြည်သူ့စစ်စခန်းလေးခု အနီးတွင်ရှိသည့် ကျေးရွာတစ်ခုဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်လာသော အင်ဝမ်ကောင်းရွာမှ စစ်ရှောင်များထဲတွင် အမျိုးသမီးများနှင့် ကလေးငယ် အများဆုံးဖြစ်ပြီး ခန့်မှန်းခြေ အိမ်ထောင်စု ၃၀ ခန့်နှင့် လူဦးရေ ၁၀၀ ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းမှစပြီး ကန်ပိုက်တီသို့သွားသည့် လမ်းမကြီးတစ်လျှောက် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီစစ်တပ်နှင့် လီဆူဒူးလေးပါတီပြည်သူ့စစ် စခန်းများကိုသွားရောက်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံရွာသားများမှာ စစ်ဘေးလွှတ်ရာ ဆဒုံးမြို့သို့ တိမ်းရှောင်လာခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကန်ပိုက်တီသို့သွားသည့် တရုတ်ကုန်တင်ကားအချို့လည်း တိုက်ပွဲများကြောင့် လမ်း တွင် ပိတ်မိနေကြောင်း ကုန်တင်ကားမောင်းသူများထံမှ စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၂ ရက်နေ့ကတည်းက ဆဒုံးဒေသ ဘွမ်တောင်တောင်ခြေတွင် တပ်စွဲထားသည့်လနန်ခ (ဆဒုံး ရေတံခွန်)တံတားထိပ်မှ ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း(၃)မှ တိုက် ခိုက်သိမ်းပိုက်ထားပြီး အဆိုပါနေရာ၌ ကေအိုင်အေမှတပ်စွဲထားပြီဖြစ်ကြောင်း စစ်မြေပြင်နှင့်နီးစပ်သူများ ထံမှ သိရသည်။

ဝိုင်းမော်မြို့နယ် ဆဒုံးဒေသသည် KIA တပ်ရင်း(၃)နယ်မြေဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်နေ့မှစကာ စစ်ကောင်စီ နှင့် လီဆူပြည်သူ့စစ်ပူးပေါင်းတပ်များက ရုတ်တရက်စစ်ကြောင်းလှုပ်ရှားလာသည့်အတွက် KIA တပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားလာခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲ ဖြစ် သည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ် ။ ။ စောဖေ

#ကချင်ပြည်နယ်

#ဆဒုံးဒေသ

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly