ALP မှ ဒုတိယဗိုလ်မှူးကြီးခိုင်ပေါ်လင်းနှင့် အဖွဲ့ဝင်ဟောင်း၏သားတစ်ဦးအား ရက္ခိုင့်တပ်တော် AA က ဖမ်းဆီး

By သူသူဇော်(စစ်တွေ)
04 August 2022
ALP မှ ဒုတိယဗိုလ်မှူးကြီးခိုင်ပေါ်လင်းနှင့် အဖွဲ့ဝင်ဟောင်း၏သားတစ်ဦးအား ရက္ခိုင့်တပ်တော် AA က ဖမ်းဆီး

ဩဂုတ် ၄

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဒုတိယဗိုလ်မှူးကြီးခိုင်ပေါ်လင်းနှင့် အဖွဲ့ဝင်ဟောင်း၏သား တစ်ဦးအား သြဂုတ်လ ၂ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးသွားသည်ဟု သိရသည်။

ဖမ်းဆီးခံရသည့် ဒုတိယဗိုလ်မှူးကြီးခိုင်ပေါ်လင်းနှင့် ALP တပ်ဖွဲ့ဝင်ဟောင်း၏သားဖြစ်သူ (၈)တန်း ကျောင်းသား မောင်စိုးမင်းနိုင်တို့ကို ခိုင်ပေါ်လင်း၏နေအိမ်တွင်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၏ တွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်းကဆိုသည်။

“ သူတို့နှစ်ယောက်ကို နေအိမ်ကဖမ်းဆီးသွားတယ်လို့သိရတယ်။ စိုးမင်းနိုင်က ဗိုလ်မှူးကြီးကိုလိုက်ပို့တဲ့ အချိန်မှာ ပါသွားတယ်လို့သိရတယ်။ ဖမ်းသွားတာက သူတို့မှာ ပြဿနာနည်းနည်းတော့ ရှိမယ်ထင်တာပဲ။ ကျနော်တို့လည်း အသေးစိတ်မသိဘူး။ ALP က ဖြစ်တာကြောင့်ဖမ်းတာလို့ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့လည်း စုံစမ်းနေပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ယခုကဲ့သို့ဖမ်းဆီးခြင်းမှာ ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကိုထိပါးစေပြီး ရခိုင့်တော်လှန် ရေးအဖွဲ့အချင်းချင်းကြားတွင် လုံးဝမဖြစ်သင့်သည့်ဖြစ်ရပ်ဟုရှုမြင်ကြောင်းလည်း ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP) က မနေ့က သြဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“မိမိတို့ ALP /AA နှင့် ULA/AA တို့သည် လူမျိုးတစ်မျိုးတည်းဖြစ်ပြီး ပန်းတိုင်တစ်ခုတည်းကို ချီတက်နေ သော အဖွဲ့အစည်းများဖြစ်ပါသည်။ လက်ရှိ နိုင်ငံရေးအကျပ်အတည်ကာလတွင် ရခိုင့်တော်လှန်ရေးအဖွဲ့ အစည်းအချင်းချင်းကြား ယခုကဲ့သို့ဖြစ်ပေါ်နေခြင်းသည် တိုင်းရင်းသားမဟာမိတ်အသိုင်းအဝိုင်းနှင့် နိုင်ငံ တကာအသိုင်းအဝိုင်းကြားတွင် ရခိုင့်လူမျိုး၏ဂုဏ်သိက္ခာကို ကျဆင်းစေပါသည်။ သို့ဖြစ်ပါ၍ အမျိုးသား ညီညွတ်ရေးကိုပျက်ပြားစေမည့် မလိုလားအပ်သောလုပ်ဆောင်ချက်များကို ရှောင်လွဲကြပါရန်နှင့် ဒုတိယ ဗိုလ်မှူးကြီး ခိုင်ပေါ်လင်း၊ ၈ တန်းကျောင်းသား မောင်စိုးမင်းနိုင်အပါအဝင် ယခင်ဖမ်းဆီးထားသော မိမိ တို့ပါတီခေါင်းဆောင်များနှင့် ပါတီဝင်ရဲဘော်များကို ပြန်လွတ်ပေးရန် အလေးအနက်တောင်းဆိုအပ်ပါ သည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခင်ကလည်း ALP ပါတီ၏ ခေါင်းဆောင်တချို့နှင့် ပါတီဝင်ရဲဘော်များကို ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်ထိ ပြန်လွတ်ပေးခြင်းမရှိကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကိစ္စအား သိရှိနိုင်အတွက် ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား မဇ္ဈိမမှဖုန်း ဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

တည်းဖြတ် - စောဖေ

#ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)

#ရက္ခိုင့်တပ်တော်(AA)

#ဒုတိယဗိုလ်မှူးကြီးခိုင်ပေါ်လင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly