နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေးအခြေအနေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေးအခြေအနေ

ဩဂုတ်လ ၃ ရက်

ထောင်တွင်းအကျဉ်းကျခံနေရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က ရေချိုးခန်းအထွက်တွင် ခြေချော်လဲမလိုဖြစ်ပွားခဲ့သော်လည်း သူ၏လက်ရှိကျန်းမာရေးမှာ ကောင်းမွန်ကြောင်း ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။

နေပြည်တော်အချုပ်ထောင်အတွင်း သီးသန့်အဆောက်အအုံငယ်တစ်ခုတွင် အကျဉ်းဥိီးစီးဝန်ထမ်းများ၏စောင့်ကြည့်မှုအောက်တွင် တစ်ဦးတည်းထားခံရသော အသက် ၇၇ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ကျန်းမာရေးကို လူထုအတွင်း စိုးရိမ်ပူပန်မှုများရှိနေခဲ့ခြင်းကြောင့် မဇ္ဈိမက စုံစမ်းစစ်ဆေးခဲ့သည်။

"​​တနင်္လာရဲ့ ​ရှေ့အပတ်​လောက်ကဖြစ်လိမ့်မယ်။ ​ရေချိုးခန်းထဲမှာ လဲမလိုဖြစ်တယ်ဆိုတာ၊ မူးတာ​မော်တာ​တော့ မဟုတ်​လောက်ဘူး" ဟု နီးစပ်သူတစ်ဦးက ပြောသည်။

“ပုံမှန်ပဲ။ သွက်သွက်လက်လက်ပဲ။ ကျန်းကျန်းမာမာပဲ။ မျက်လုံးကလည်း တောက်နေတာပဲ။ အရင်အတိုင်းပဲ။ နေရထိုင်ရတာတော့ ပင်ပန်းမှာပေါ့ ထောင်ထဲမှာ။ သူကိုယ်တိုင်က ဘာမှ မတောင်းဆိုဘူး။ မတောင်းဆိုတော့ ထောင်ထဲမှာ သူတို့ထားသလို ထောင်သားတွေလိုပဲသူနေတာ”ဟုလည်း ဆက်ပြောသည်။

ထောင်ဆရာဝန်များက ကျန်းမာရေးစောင့်ရှောက်မှုအတွက် နေ့တိုင်းစစ်ဆေးပေးရန် ကမ်းလှမ်းသော်လည်း ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးကောင်းမွန်မှုကိုအကြောင်းပြုကာ တစ်ပတ်တစ်ခါသာ စစ်ဆေးရန် သဘောထားပေးခဲ့သည်။

သို့သော် ချုပ်နှောင်ထားသည့်အဆောက်အအုံမှာ မိုးလေလုံခြုံမှုကောင်းစွာမရှိဘဲဖြစ်နေသည်။

”လေတိုက်လည်း လေဝင်တာပဲ။ မိုးရွာလည်း ပက်တာပဲ။ နေပူလည်းပူတာပဲ။ အဲ့ဒီဒဏ်တော့ အသက်ကကြီးပြီဆိုတော့ ရှိချင်ရှိနိုင်တယ်လေ။ သူခံစားရတာ အဲ့ဒီလို ပြလေ့မရှိဘူး” ဟု သတင်းရင်းမြစ်တစ်ခုကပြောသည်။

အမျိုးသမီးထောင်ဝန်ထမ်းသုံးဦးကို ဒေါ်အောင်ဆန်းစုကြည်အတွက် စီစဉ်ပေးထားသော်လည်း ချုပ်​နှောင်ထားသည့်​နေရာတွင် အဲယားကွန်း၊ ​ရေခဲ​သေတ္တာနှင့် ရုပ်မြင်သံကြားတို့ကဲ့သို့သော အသုံးအ​ဆောင်များ မရှိသည့်အ​ဆောက်အအုံတစ်ခုအတွင်း ထားရှိခြင်းဖြစ်သည်။

အာဏာသိမ်းပြီး​နောက် နေပြည်တော်ရှိ လျှို့ဝှက်နေရာတစ်ခုတွင် အတူနေထိုင်သူအချို့နှင့် ထားရှိထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၂၂ရက်နေ့တွင် ​နေပြည်​တော်အချုပ်​ထောင်သို့​ပြောင်း​ရွှေ့ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏လက်ရှိ စားဝတ်နေရေး၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး အထူးတလည် စောင့်​ရှောက်ထားသည်ဟု စစ်​ကောင်စီ​ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်​ဇော်မင်းထွန်းက နေပြည်တော်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ​ပြောဆိုထားသည်။

စစ်တပ်က အာဏာသိမ်းရန်ကြိုးစားသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိမြို့၊ မြနန်းဘုံသာလမ်းတွင်နေထိုင်နေခဲ့သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်အာဏာသိမ်းလိုက်ကြောင်း အသိပေးကာ အဆိုပါအိမ်တွင် နှစ်ရက်တိတိအကျယ်ချုပ်အဖြစ်ဆက်ထားခဲ့သည်။

ထို့နောက် နေပြည်တော်တွင်းမှာပင် လျှို့ဝှက်တစ်နေရာတွင်ဆက်လက် အကျယ်ချုပ်ထားရှိခဲ့သည်။ ဇွန်လအတွင်းက သူနှင့်အတူနေထိုင်ခဲ့သူများကို ရန်ကုန်ပြန်လွှတ်ကာ အချုပ်ထောင်ထဲ ရွှေ့ပြောင်းထားလိုက်သည်။ သူမွေးမြူထားသော ခွေးကလေးတိုက်ချီဒိုကို အကျဉ်းထောင်ထဲသို့မခေါ်သွားလိုသဖြင့် ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်သို့ ပြန်ပို့ဆောင်စေခဲ့သည်။

လက်ရှိတွင် သူ့အနေဖြင့် စစ်ကောင်စီဘက်က စွပ်စွဲထားသည့် အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁နှစ်ချမှတ်ခံထားရပြီး ကျန်ရှိသည့် အမှုပေါင်း တစ်ဒါဇင်ကျော်ကို ဆက်လက်ရင်ဆိုင်နေရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly