အရှေ့စီးပွားရေးဖိုရမ် EFF သို့ မြန်မာ တက်ရောက်ရန် ရုရှ မျှော်လင့် 

အရှေ့စီးပွားရေးဖိုရမ် EFF သို့ မြန်မာ တက်ရောက်ရန် ရုရှ မျှော်လင့် 

ဩဂုတ်လ ၃ ရက်

ဗလာဒီဗိုစတော့ခ်မြို့တွင် ကျင်းပမည့် အရှေ့စီးပွားရေးဖိုရမ် EFF သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရန် ရုရှနိုင်ငံအနေဖြင့် မျှော်လင့်ထားကြောင်း နေပြည်တော်သို့ ယနေ့ ရောက်ရှိနေသည့် ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

“စက်တင်ဘာ အစောပိုင်းမှာ ကျင်းပမယ့် EFF မှာ မြန်မာပါဝင်တက်ရောက်ဖို့ကို ကျွန်တော်တို့ မျှော်လင့်ထားတယ်၊ ဇွန်လတုန်းက စိန့်ပီတာစဘတ် စီးပွားရေးဖိုရမ်မှာ ခေါင်းဆောင်အဆင့် သက်ဆိုင်ရာ ဝန်ကြီးများစွာ တက်ရောက်ခဲ့ကြတဲ့အတိုင်း မြန်မာလည်း ပါဝင်လာဖို့ကို မျှော်လင့်ထားတာပါ”ဟု မြန်မာအာဏာသိမ်း စစ်ကောင်စီ ခန့်အပ်သည့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲ၌ ရုရှနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ 

ထိုပြင် ရုရှနှင့် မြန်မာသည် ပုံမှန် စစ်ရေး ဆက်သွယ်မှုများကို ထိန်းသိမ်းသွားမည်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။ စစ်ကောင်စီ၏ နိုင်ငံတည်ငြိမ်ရေး ကြိုးပမ်းမှုများကို ရုရှအနေဖြင့် ထောက်ခံသွားမည်ဟုလည်း လက်ဗရော့ဗ်က ပြောထားသည်။ 

“ဒီလအတွင်းမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ခံမှုနဲ့ ကျွန်တော်တို့ နိုင်ငံမှာ အခမ်းအနားတွေ တော်တော်များများ ရှိတယ်၊ နောက်ပိုင်း ကျင်းပမယ့် နိုင်ငံတကာ လုံခြုံရေးညီလာခံ၊ အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေး အားကစားပွဲနှင့် ၂၀၂၂ စစ်ရေးနဲ့ နည်းပညာဖိုရမ်တွေ ပါဝင်တယ်၊ ဒီမှာလည်း ခါတိုင်းနှစ်တွေလို မြန်မာက ပါဝင်ဖြစ်လိမ့်မယ်”ဟု ၎င်းက ထပ်လောင်းပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly