ကမ္ဘာ့ အလိုအရှိဆုံး အကြမ်းဖက်သမားကို သုတ်သင်ရန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် အဖွဲ့ ဘယ်လို ဆုံးဖြတ်ခဲ့ကြသလဲ

ကမ္ဘာ့ အလိုအရှိဆုံး အကြမ်းဖက်သမားကို သုတ်သင်ရန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် အဖွဲ့ ဘယ်လို ဆုံးဖြတ်ခဲ့ကြသလဲ

ဩဂုတ်လ ၃ ရက်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုင်မန် အယ်လ်-ဇာဝါဟီရီကို သုတ်သင်ရှင်းလင်းရန် အမိန့် မပေးမီ အဆိုပါ အယ်လ်ကိုင်ဒါ ခေါင်းဆောင် ပုန်းအောင်းနေခဲ့သည့် နေရာနှင့်ပတ်သက်ပြီး အတွင်းကျကျ သိရှိရန် ဆန္ဒရှိခဲ့သည်။

ဇာဝါဟီရီကို ကဘူးလ်မြို့လယ်ရှိ ၎င်း၏ နေအိမ် လသာဆောင်၌ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည့် အမေရိကန် ဒရုန်းတိုက်ခိုက်မှုက ဘိုင်ဒင်နှင့် ၎င်း၏ အတွင်းစည်း အကြီးတန်း အကြံပေးအဖွဲ့တို့ လများကြာတိုင် အထူးလျှို့ဝှက် စီစဉ်ခဲ့မှု၏ ရလဒ် ဖြစ်ခဲ့သည်။ ကြိုတင် ပြင်ဆင်မှုများထဲတွင် ဇာဝါဟီရီ လုံခြုံစွာ ခိုအောင်းနေခဲ့သည့် နေအိမ်၏ ပုံစံတူ အသေးစား အိမ် ပုံစံငယ်တစ်ခုလည်း ပါဝင်ခဲ့ပြီး ယင်းကို ထောက်လှမ်းရေး အရာရှိများက ဖန်တီးတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သမ္မတ ဘိုင်ဒင် ၎င်း၏ ရွေးချယ်စရာ နည်းလမ်းများအကြောင်း ဆွေးနွေးစဉ် သုံးသပ်စစ်ဆေးရန်အတွက် ယင်းအိမ်ပုံစံငယ်ကို အိမ်ဖြူတော် စစ်ရေးကွပ်ကဲမှု ဗဟိုအခန်း၌ ထားရှိခဲ့သည်။

ဘိုင်ဒင်အတွက်ကတော့ ၂၀၀၁ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုများ၏ အဓိကကြိုးကိုင်သူတစ်ဦးဖြစ်သော ကမ္ဘာ့အလိုအရှိဆုံး အကြမ်းဖက်သမားကို သုတ်သင်နိုင်မည့် အခွင့်အရေးက အာဖဂန်မြို့တော်၌ အရပ်သားများ မတော်တဆ သေဆုံးနိုင်သည့် အန္တရာယ်နှင့် တင်းကျမ်း ရှိနေခဲ့သည်။ ပြီးခဲ့သည့် ၁၁ လခန့်အကြာက အာဖဂန်မှ အမေရိကန်စစ်တပ် ပရမ်းပတာအခြေအနေဖြင့် ပြန်လည် ရုပ်သိမ်းထွက်ခွာခဲ့စဉ်အတွင်း လုပ်ဆောင်ခဲ့သည့် အမေရိကန် ဒရုန်းတိုက်ခိုက်မှုတစ်ခုကြောင့် အာဖဂန်အရပ်သားများ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ထားခဲ့၍ ဖြစ်သည်။

သမ္မတ ဘိုင်ဒင်က မစ်ရှင်ကို တနင်္လာနေ့တွင် ကြေညာရန် ပြင်ဆင်ခဲ့စဉ် တိုက်ခိုက်မှု၏ အသေးစိတ်အချက်များနှင့် ယင်း၏ အစီအစဉ်တို့ကို အကြီးတန်း အစိုးရအရာရှိတစ်ဦးက ထုတ်ဖော်ပြောခဲ့သည်။

ယခု သီတင်းပတ်ကုန် တိုက်ခိုက်မှုကို စီစဉ်ရန် လများစွာကြာ အားထုတ်မှု တစ်လျှောက်လုံး ဘိုင်ဒင်သည် ဇာဝါဟီရီ၏ မိသားစုဝင်များ အပါအဝင် အရပ်သားများ သေဆုံးခြင်း မရှိစေရေး အသေအချာ လုပ်ဆောင်ရန် ၎င်း၏ အဖွဲ့မှ အရာရှိများကို ထပ်တလဲလဲ မှာကြားခဲ့သည်။ တကယ်တမ်းတွင်လည်း စစ်ဆင်ရေးတွင် ဇာဝါဟီရီမှလွဲပြီး အခြား အရပ်သား မည်သူတစ်ဦးတစ်ယောက်မှ သေဆုံးခဲ့ခြင်း မရှိဟု အိမ်ဖြူတော်က ပြောသည်။

ဒရုန်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အပြီးသတ် စဉ်းစားချင့်ချိန်ပြီး တရားဝင် လုပ်ခွင့်ပြုသည့် ကာလအတွင်း COVID-19 ကူးစက်မှုကြောင့် သီးခြားခွဲနေခဲ့ရသည့် ဘိုင်ဒင်သည် မစ်ရှင် အောင်မြင်မှုကို ကြေညာရန် တနင်္လာနေ့တွင် အိမ်ဖြူတော် လသာဆောင်တစ်ခုသို့ ပေါ်လာခဲ့သည်။ ပြီးခဲ့သည့် တစ်နှစ်အကြာ သွေးထွက်သံယိုမှု ရှိခဲ့သော အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ပြန်ရုပ်သိမ်းမှုမှ စပြီး ပြည်တွင်းနိုင်ငံရေး ပြဿနာများဖြင့် ရင်ဆိုင်ထားခဲ့သည့် အမေရိကန်သမ္မတ တစ်ဦးအတွက် ယင်းက အောင်မြင်မှု အခိုက်အတန့်တစ်ခုလည်း ဖြစ်ခဲ့သည်။

“ကမ္ဘာတစ်ဝန်းက လူတွေအနေနဲ့ ကြောက်စရာ ကောင်းတဲ့၊ အလျှော့မပေးတဲ့ လူသတ်သမား တစ်ယောက်ရဲ့ ရန်ကို ကြောက်စရာ မလိုတော့ပါဘူး။ အမေရိကန်အစိုးရအနေနဲ့ မိမိတို့ကို ထိခိုက်နာကျင်စေအောင် လုပ်ဖို့ ကြိုးစားသူတွေရဲ့ ရန်ကနေ အမေရိကန်ပြည်သူတွေကို ကာကွယ်ပေးဖို့ မိမိတို့ရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ လုပ်နိုင်စွမ်းတို့ကို ဆက်လက် ထုတ်ဖော်ပြသလျက် ရှိပါတယ်” ဟု ဘိုင်ဒင်က အိမ်ဖြူတော်၏ အပြာရောင်အခန်း လသာဆောင်မှ ပြောသည်။

ဇာဝါဟီရီသည် ကဘူးလ်မြို့ရှိ လုံခြုံစွာ ခိုအောင်းနိုင်သော အိမ်တစ်လုံးတွင် ရောက်နေသည် ဆိုသည့် အမေရိကန် ထောက်လှမ်းရေး သတင်းကို သမ္မတထံ ဧပြီလက ပထမဆုံး အစီရင်ခံ တင်ပြခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အရာရှိများသည် အာဖဂန် မြို့တော်၌ အကြမ်းဖက်ခေါင်းဆောင်ကို လများစွာကြာ ထောက်ပံ့ပေးနေသည့် ကွန်ရက်တစ်ခုကိုလည်း သိရှိခဲ့သည့်အပြင် ထောက်လှမ်းရေး လမ်းကြောင်း အသီးသီးမှတဆင့် ဇာဝါဟီရီ၏ ဇနီး၊ သမီး နှင့် သူမ၏ ကလေးများကိုလည်း ခွဲခြားထုတ်ဖော်ထားနိုင်ခဲ့သည်။

အမျိုးသမီးများသည် အကြမ်းဖက်သမားတို့၏ ကိုယ်ယောင်ဖျောက်လျှို့ဝှက်ရှိနေမှုဆိုင်ရာ နည်းစနစ်များ၊ ကျွမ်းကျင်မှုအရည်အချင်းများ အသုံးပြုခဲ့ပြီး ယင်းသည် ကဘူးလ်ရပ်ကွက်တစ်ခုရှိ ဇာဝါဟီရီ၏ တည်နေရာအထိ ၎င်းတို့နောက်ကို မည်သူမှ ခြေရာခံ လိုက်မလာနိုင်စေရန် ပုံစံချ ရည်ရွယ်ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက မှတ်ယူခဲ့သည်။ ဇာဝါဟီရီ ကိုယ်တိုင်ကလည်း ယခုနှစ် အဆိုပါ နေရာသို့ ၎င်း ရောက်ရှိပြီးနောက်ပိုင်း ထိုနေရာမှ အပြင်သို့ ထွက်ခွာခဲ့ခြင်း မရှိခဲ့ပေ။

နေ့ရက်၊လ အချိန် တစ်ရွေ့ရွေ့ ကုန်လွန်လာစဉ် အမေရိကန် အရာရှိများသည် ဇာဝါဟီရီ ရှိနေသည့် နေအိမ်၏ ပုံစံများကို စတင် ဖန်တီးခဲ့သည်။ ယင်းတွင် အချိန်ကာလအပိုင်းအခြားများဖြင့် ဇာဝါဟီရီ နေအိမ်၏ လသာဆောင်သို့ အခါ အားလျော်စွာ ထွက်ပေါ်ခြင်းများလည်း ပါဝင်သည်။

အမေရိကန် အရာရှိများက ၎င်း၏ လှုပ်ရှားမှုများကို ဆက်လက် စောင့်ကြည့်ခဲ့သလို အဆောက်အအုံ တည်ဆောက်ပုံနှင့် ပုံစံကို အကဲဖြတ်ရန် အားထုတ်မှုတစ်ရပ်ကိုလည်း လျှို့ဝှက်စွာ စတင်ခဲ့သည်။ အဆောက်အအုံ၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ခိုင်မြဲမှုကို ထိခိုက်စေခြင်း မရှိဘဲ ကမ္ဘာ့ နံပါတ်တစ် အကြမ်းဖက်သမား ပစ်မှတ်ကို သုတ်သင်မည့် စစ်ဆင်ရေးတစ်ခု ဖော်ဆောင်ရန် ရည်ရွယ် လုပ်ဆောင်ခဲ့ကြသည်။

ဘိုင်ဒင်နှင့် သူ့အဖွဲ့အတွက် အဓိက ဂရုစိုက်သည့် အချက်က အဆောက်အအုံတွင် နေထိုင်သော ဇာဝါဟီရီ၏ မိသားစုဝင်များ အပါအဝင် အရပ်သား သေကျေမှုများ မဖြစ်စေရေး ရှောင်ရှားရန်ပင် ဖြစ်ခဲ့သည်။ နေအိမ်၏ အခြားသော နေထိုင်သူများကို ခွဲခြားဖော်ထုတ်ရာတွင် လွတ်လပ်သော အကဲဖြတ်များကိုလည်း ထည့်သွင်းပါဝင်စေခဲ့သည်။

ထို အဆောက်အအုံက ကဘူးလ်မြို့လယ်ခေါင်တွင် တည်ရှိနေခြင်းက စိန်ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ဘေးပတ်ပတ်လည်တွင် လူနေရပ်ကွက်တစ်ခု ဝန်းရံတည်ရှိနေသဖြင့် အမေရိကန် အရာရှိများသည် သမ္မတ ဘိုင်ဒင်ထံ ရွေးချယ်စရာ နည်းလမ်းများ မတင်ပြခင် “အလွန်တရာ ခိုင်မာ စိတ်ချရစေရန်” လိုအပ်သည့် ၎င်းတို့၏ အစီအစဉ် ရေးဆွဲမှုနှင့် သတင်းအချက်အလက်များနှင့်ပတ်သက်ပြီး အထူးဂရုစိုက်ခဲ့ကြသည်။ ထို့ပြင် ၎င်းတို့သည် သတင်းပေါက်ကြားမှုများ ဖြစ်မည်ကို အလွန် စိုးရိမ်ခဲ့ကြသဖြင့် ဟိုတစ်စု ဒီတစ်စုဖြင့် ရှိသည့် အဓိက အေဂျင်စီများမှ “အလွန် သေးငယ်သည့် လက်ရွေးစင် အုပ်စုတစ်စု” ကိုသာလျင် ချမှတ်နေသည့် အစီအစဉ်များနှင့်ပတ်သက်ပြီး အသိပေးခဲ့သည်။

သမ္မတ ဘိုင်ဒင်ကလည်း လွန်ခဲ့သည့် နှစ်နှစ်ကျော်အကြာက အာဖဂန်နစ္စတန်၌ ဓားစာခံ ထိန်းသိမ်းခံခဲ့ရသော အမေရိကန်နိုင်ငံသားတစ်ဦး ဖြစ်သည့် မာ့ခ် ဖရီရစ်ချ် ဘေးကင်းစွာ ပြန်ရောက်လာနိုင်ရေး အစိုးရ၏ ကြိုးပမ်းမှုများအပေါ် ယခု အစီအစဉ်က မည်သို့မည်ပုံ သက်ရောက်စေနိုင်သလဲ ဆိုသည်ကို ပူပန်ခဲ့သည်။ စစ်အတွင်း အမေရိကန်ကို ကူညီခဲ့သည့် အာဖဂန်များကို နေရာပြောင်းရွှေ့ရန် ရှိရင်းစွဲ အားထုတ်မှုများအပြင် အထက်ပါ အားထုတ်မှုများနှင့်ပတ်သက်ပြီး ဘေးအန္တရာယ်များကို တတ်နိုင်သမျှ လျော့ပါးစေရေး လုပ်ဆောင်ရန် ဘိုင်ဒင်က ၎င်း၏ အဖွဲ့ကို ဖိအားပေးခဲ့ကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးက ပြောသည်။

“တာလီဘန်တွေနဲ့ ပတ်သက်ပြီးတော့လည်း မိမိတို့ဟာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအတွက် သူတို့ တာဝန်ခံရစေအောင် မိမိတို့ ဆက်လက်လုပ်ဆောင်သွားမှာပါ။ မာ့ခ် ဖရီရစ်ချ်နဲ့ပတ်သက်လို့ သူ ကာလကြာ ထိန်းသိမ်းဖမ်းဆီးခံထားရပြီးနောက် သူ ပြန်လွတ်စေဖို့ အားထုတ်မှုမှာ မိမိတို့ လုပ်ဆောင်နေတာနဲ့အတူ တာလီဘန်တွေဘက်က သူ့ကို ထိခိုက်စေမယ့် လုပ်ဆောင်ချက်မျိုး မလုပ်ဖို့ မိမိတို့ မျှော်လင့်ထားတဲ့အကြောင်း ကြားရက်တွေမှာ မိမိတို့ဘက်က သူတို့ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားပါတယ်” ဟု အဆိုပါ အရာရှိက ပြောသည်။

မေလနှင့် ဇွန်လ ကုန်ဆုံးသွားသည်နှင့်အမျှ ဘိုင်ဒင်သည် အခြေအနေနှင့်ပတ်သက်ပြီး ဆက်လက် အာရုံစိုက်ခဲ့သည်။ ဇူလိုင် ၁ ရက်တွင် ဘိုင်ဒင်သည် အဆိုပြုထားသော စစ်ဆင်ရေးတစ်ခုနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြချက်ကို နားထောင်ရန် အိမ်ဖြူတော် စစ်ရေးကွပ်ကဲမှုဗဟိုခန်း၌ ၎င်း၏ အရေးပါသော အမျိုးသားလုံခြုံရေးအရာရှိများကို စုဝေးစေခဲ့သည်။ စီအိုင်အေ ညွှန်ကြားရေးမှူး ဘီလ် ဘန်းစ်၊ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး အက်ဗရီ ဟိုင်နက်စ်၊ အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန် နှင့် ၎င်း၏ လက်ထောက် ဂျွန် ဖင်နာ၊ အမိမြေ လုံခြုံရေးအကြံပေး လစ်ဇ် ရှားဝုဒ် ရန်ဒဲလ်တို့ ပါဝင် အစည်းအဝေးထိုင်ခဲ့ကြသည်။

ဘိုင်ဒင်သည် ထောက်လှမ်းရေး အချက်အလက်ဆိုင်ရာ တင်ပြမှုများကို နက်နက်နဲနဲ  အာရုံစိုက်ခဲ့သလို နှစ်မြှုပ်လုပ်ကိုင်ခဲ့သည်ဟု အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။ “မိမိတို့ သိထားခဲ့တာတွေနဲ့ ဒါကို မိမိတို့ ဘယ်လို သိသလဲ ဆိုတာနဲ့ပတ်သက်လို့ သူက အသေးစိတ်ကျတဲ့ မေးခွန်းတွေ မေးခဲ့ပါတယ်”

အထူးတလည် စိတ်ဝင်စားမှုများအနက် တစ်ခုက ထောက်လှမ်းရေး အရာရှိများ ဖန်တီးတည်ဆောက်ခဲ့ပြီး သမ္မတ ဘိုင်ဒင် စူးစမ်းစစ်ဆေးနိုင်ရန် အိမ်ဖြူတော်သို့ ယူလာခဲ့သည့် ဇာဝါဟီရီ၏ အသေးစား အိမ်ပုံစံငယ် တစ်ခု ဖြစ်သည်။ ထိုအိမ်တွင် နေ၏ အလင်းရောင်က မည်ကဲ့သို့ ကျရောက်နိုင်သလဲ ၊ အိမ်၏ ဆောက်လုပ်ရေး ပစ္စည်းများက မည်သို့ မည်ပုံ ရှိသလဲ ဆိုသည်နှင့် စစ်ဆင်ရေးအပေါ် ရာသီဥတုကြောင့် ဘယ်လိုဘယ်ပုံ သက်ရောက်မှု ရှိနိုင်သလဲ ဆိုသည်နှင့်ပတ်သက်ပြီး ဘိုင်ဒင်က မေးခွန်းထုတ်ခဲ့ကြောင်း အရာရှိက ပြောသည်။

“စစ်ဆင်ရေးမှာ အရပ်သား သေကျေ၊ ထိခိုက်ဒဏ်ရာရနိုင်မယ့် အန္တရာယ်ကို လျော့ပါးစေမယ့် လုပ်ဆောင်ချက်မှန်သမျှ အသေအချာ လုပ်ဆောင်ဖို့အတွက် သူက အထူးတလည် အာရုံစိုက်ခဲ့ပါတယ်” ဟု အဆိုပါ အရာရှိက ပြောသည်။

အဆောက်အအုံ၏ အစီအစဉ်နှင့် ပတ်သက်သည့် နောက်ထပ် အချက်အလက်များနှင့် တိုက်ခိုက်မှုက ယင်းအပေါ် မည်ကဲ့သို့ သက်ရောက်စေနိုင်သလဲ ဆိုသည်တို့နှင့်ပတ်သက်ပြီး ဘိုင်ဒင်က ၎င်း၏ အဖွဲ့ထံ တောင်းခံခဲ့သည်။ ယင်းနောက် ၎င်းသည် ထိုနေ့ မွန်းလွဲပိုင်းတွင် ကမ့် ဒေးဗစ်သို့ လေယာဉ်ဖြင့် သွားခဲ့သည်။

ဘိုင်ဒင် အိမ်ဖြူတော်၌ မရှိချိန်တွင်လည်း ၎င်း၏ အဖွဲ့သည် နောက်ထပ် သီတင်းပတ်များအတွင်း အိမ်ဖြူတော် စစ်ရေးကွပ်ကဲမှု ဗဟိုခန်း၌ အကြိမ်အများအပြား အစည်းအဝေး ထိုင်ခဲ့ကြပြီး ၎င်းတို့၏ အစီအစဉ် ရေးဆွဲမှုကို အပြီးသတ်ရန်၊ သမ္မတ မေးလာသည့် မေးခွန်းများကို ဖြေကြားရန်နှင့် အန္တရာယ်များကို နည်းနိုင်သမျှ နည်းစေရန် ဖြစ်လာနိုင်သော အရေးပေါ် ကိစ္စတိုင်းကို ၎င်းတို့ သေချာပေါက် ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်လုပ်ဆောင်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ဇာဝါဟီရီနှင့် ဆက်နွယ်သည့် ထောက်လှမ်းရေး သတင်းအချက်အလက်ကို ခွဲခြမ်းစစ်ဆေးရန်နှင့် စစ်ဆင်ရေးအတွက် ဥပဒေဆိုင်ရာ အခြေခံ တည်ထောင်ရန် အကြီးတန်း အစိုးရရှေ့နေများကလည်း တစ်ပြိုင်နက်တည်း ကြိုးပမ်းမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။

ဇူလိုင် ၂၅ ရက်တွင် COVID-19 ကြောင့် အိမ်ဖြူတော် နေအိမ်တွင် သီးခြားခွဲနေနေခဲ့ရသည့် ဘိုင်ဒင်သည် ၎င်း၏ အဖွဲ့ကို ပြန်လည် စုဝေးစေခဲ့ပြီး အပြီးသတ် ရှင်းလင်းတင်ပြချက်ကို နားထောင်ခဲ့သည်။ ၎င်းသည် တစ်ဖန် ထပ်မံပြီး ကြမ်းတမ်းသော လယ်ဗယ်ဖြင့် အသေအချာ တိုက်တွန်းပြောဆိုခဲ့ပြီး အရပ်သား သေကျေ ဒဏ်ရာရမှုများကို နည်းနိုင်သမျှ နည်းစေမည့် ထပ်တိုး ရွေးစရာမှန်သမျှနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ကြောင်း အရာရှိတစ်ဦးက ပြောသည်။

၎င်းသည် ဇာဝါဟီရီ၏ အိမ်၏ အခန်းဖွဲ့ပုံအကြောင်း မေးမြန်းခဲ့ပြီး တတိယထပ် ပြတင်းပေါက်များနှင့် တံခါးများနောက်တွင် အခန်းများက မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်နှင့် တိုက်ခိုက်မှုကြောင့် မည်သည့် ဖြစ်နိုင်ခြေရှိ သက်ရောက်မှုမျိုး ရှိလာလိမ့်မလဲ ဆိုသည်တို့ကိုလည်း မေးမြန်းခဲ့သည်။

ယင်းနောက် ၎င်းသည် ၎င်း၏အဖွဲ့ဘက် လှည့်ခဲ့ပြီး အရာရှိတစ်ဦးချင်း၏ အမြင်သဘောထားများကို မေးမြန်းခဲ့သည်။

အပြီးသတ်တွင် ၎င်းသည် ပစ်မှတ်ကို သုတ်သင်ရန် “ရှင်းလင်းတိကျပြီး အံဝင်ခွင်ကျ စီမံထားသော လေကြောင်းတိုက်ခိုက်မှု” တစ်ခု လုပ်ဆောင်ရန် တရားဝင် ခွင့်ပြုချက် ပေးခဲ့သည်။

ယင်းနောက် ငါးရက်အကြာတွင် Hellfire ဒုံးနှစ်စင်းကို ဒေသစံတော်ချိန် မနက် ၆ နာရီ ၁၈မိနစ်တွင် ကဘူးလ်မြို့ရှိ ဇာဝါဟီရီ ခိုအောင်းနေသည့် အိမ်၏ လသာဆောင်ထဲသို့ ပစ်လွှတ်ခဲ့သည်။ DNA အတည်ပြုချက် မရသော်လည်း တိုက်ခိုက်မှုက ရည်ရွယ်သည့် ပစ်မှတ်ကို ထိမှန်ခဲ့သည် ဆိုသည်ကို “အမြင်ဖြင့် အတည်ပြုခြင်း” အပြင် အခြားသော ရင်းမြစ်များ၊ နည်းလမ်းများမှ အတည်ပြုချက်တို့ အမေရိကန်တွင် ရှိသည်ဟု အမျိုးသားလုံခြုံရေးကောင်စီ၏ မဟာဗျူဟာ ဆက်သွယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဂျွန် ကာဘီက စီအင်န်အင်န်၏ ဘရိုင်ယန်နာ ကေလာကို “New Day” အစီအစဉ်တွင် ပြောခဲ့သည်။

အိမ်၏ အခြားဧရိယာများတွင် ရှိနေခဲ့ကြသည့် ဇာဝါဟီရီ၏ မိသားစုဝင်များ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ဟု အမေရိကန် အရာရှိက ပြောသည်။

ယင်းနောက် COVID-19 ပြန်လည် ကူးစက်ခံရ၍ အိမ်ဖြူတော်၌ သီးခြားခွဲနေရဆဲဖြစ်သော သမ္မတ ဘိုင်ဒင်ထံ စစ်ဆင်ရေးက မည်သည့်အချိန်တွင် စခဲ့သလဲ နှင့် မည်သည့်အချိန်တွင် ပြီးဆုံးခဲ့သလဲ ဆိုသည်တို့ကို အစီရင်ခံ တင်ပြအသိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly