ဂျပန် အဝတ်အစား လက်လီလုပ်ငန်း Honeys က မြန်မာနိုင်ငံတွင် တတိယမြောက် စက်ရုံ တည်ဆောက်မည်

ဂျပန် အဝတ်အစား လက်လီလုပ်ငန်း Honeys က မြန်မာနိုင်ငံတွင် တတိယမြောက် စက်ရုံ တည်ဆောက်မည်

ဩဂုတ်လ ၂ ရက်

ဂျပန် အဝတ်အစား လက်လီလုပ်ငန်းကုမ္ပဏီ Honeys သည် ယခုလထဲ မြန်မာနိုင်ငံတွင် ယင်း၏ တတိယမြောက် စက်ရုံတည်ဆောက်မှုကို စတင်ရန် စီစဉ်နေသည် ဖြစ်ရာ ယင်းသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ရှားရှားပါးပါး ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။

Honeys သည် လက်ရှိတွင် ယင်း၏ ကုန်ပစ္စည်းများ၏ ၄၄ ရာခိုင်နှုန်းခန့်ကို မြန်မာနိုင်ငံရှိ ယင်း၏ လုပ်ငန်းခွဲနှင့် ပါတနာများထံမှ ရယူလျက် ရှိပြီး စက်ရုံသစ်သာ တည်ဆောက်ပြီးစီးပါက ထို ပမာဏက ၅၀ ရာခိုင်နှုန်းကို ကျော်လွန်သွားလိမ့်မည် ဖြစ်ကြောင်း ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် တိုမိုအကီ ဆာဆာကာဝါက အင်္ဂါနေ့တွင် ရိုက်တာကို ပြောသည်။ Honeys ၏ လုပ်ငန်းချဲ့ထွင်မှုကို Nikkei သတင်းစာကလည်း အစောပိုင်းက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခံထားရသည့် အစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းပြီးနောက် နိုင်ငံခြားကုမ္ပဏီ အများအပြားသည် နိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။ ဂျပန် အဖျော်ယမကာ ကုမ္ပဏီ Kirin Holdings ကလည်း စစ်တပ်နှင့် ဆက်နွယ်သော ယင်း၏ ပြည်တွင်း ပါတနာနှင့် တစ်နှစ်ကျော်ကြာ ညှိနှိုင်းပြီးနောက် နိုင်ငံမှ ထွက်ခွာတော့မည်ဟု ဇွန်လက ကြေညာခဲ့သည်။

Honeys သည် မြန်မာနိုင်ငံရှိ ယင်း၏ လုပ်ငန်းခွဲကို အပြည့်အဝ ပိုင်ဆိုင်ပြီး ထိန်းချုပ်ထားကြောင်းနှင့် အာဏာသိမ်းစစ်တပ်နှင့် ဆက်နွယ်ပတ်သက်ခြင်း မရှိကြောင်း ဆာဆာကာဝါက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly