နန်စီ ပလိုစီ တိုင်ပေသို့ ဦးတည်နေစဉ် အမေရိကန်ရေတပ်က ထိုင်ဝမ်၏ အရှေ့ဘက်အရပ်၌ စစ်သင်္ဘော ၄ စင်း တပ်ဖြန့်

နန်စီ ပလိုစီ တိုင်ပေသို့ ဦးတည်နေစဉ် အမေရိကန်ရေတပ်က ထိုင်ဝမ်၏ အရှေ့ဘက်အရပ်၌ စစ်သင်္ဘော ၄ စင်း တပ်ဖြန့်

ဩဂုတ်လ ၂ ရက်

တရုတ်ဘက်မှ သတိပေးမှုများ အရှိန်မြင့်နေသည့်အကြား အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ ဩဂုတ် ၂ ရက်တွင် တိုင်ပေသို့ ဦးတည်နေခဲ့စဉ် လေယာဉ်တင်သင်္ဘောတစ်စင်း အပါအဝင် အမေရိကန် စစ်သင်္ဘော လေးစင်းသည် “ပုံမှန် လုပ်ရိုးလုပ်စဉ်” ဖြန့်ကြက်မှုများအဖြစ် ထိုင်ဝမ်ကျွန်း၏ အရှေ့ဘက် ရေထုတွင် ရှိနေခဲ့သည်။

အမေရိကန် လေယာဉ်တင်သင်္ဘော USS Ronald Reagan သည် တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းသွားခဲ့ပြီး လက်ရှိတွင် ထိုင်ဝမ်၊ ဖိလစ်ပိုင်တို့၏ အရှေ့အရပ်၊ ဂျပန်နိုင်ငံ၏ တောင်ဘက်အရပ်ရှိ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ရှိနေသည်ဟု အမေရိကန် ရေတပ်အရာရှိတစ်ဦးက အင်္ဂါနေ့က ရိုက်တာကို အတည်ပြုသည်။

ဂျပန်တွင် အခြေစိုက်သည့် USS Ronald Reagan သည် ပဲ့ထိန်းဒုံးတပ် ခရုဇာစစ်သင်္ဘော USS Antietam ၊ ဖျက်သင်္ဘော USS Higgins တို့နှင့်အတူ လှုပ်ရှားနေခြင်း ဖြစ်သည်။

“ဒီ စစ်သင်္ဘောတွေက နောက်ဆုံးဖြစ်လာနိုင်ဖွယ် အခြေအနေမှန်သမျှကို တုံ့ပြန်နိုင်စွမ်း ရှိတယ် ဆိုပေမယ့် သင်္ဘောတွေက ပုံမှန် လုပ်ရိုးလုပ်စဉ် တပ်ဖြန့်မှုပဲ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။ ထို စစ်သင်္ဘောများ ရောက်ရှိနေသည့် တည်နေရာအတိအကျကို မှတ်ချက်ပေးနိုင်ခြင်း မရှိဟု ၎င်းက ပြောသည်။

ထို့ပြင် ကုန်း၊ ရေ နှစ်သွယ် စစ်ဆင်မှုဆိုင်ရာ တိုက်ခိုက်ရေး သင်္ဘော USS Tripoli သည်လည်း ထို ဧရိယာတွင် ရောက်နေပြီး ယင်းသည် ပြီးခဲ့သည့် မေလအစောပိုင်းက ယင်း၏ မိခင်ဆိပ်ကမ်း ဆန် ဒီယေဂိုမှ တစ်ဆင့် စတင်ခဲ့သည့် ဒေသသို့ တပ်ဖြန့်မှုတစ်ခု၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း အမေရိကန် ရေတပ်အရာရှိက ပြောသည်။

တရုတ်ကို ကာလကြာ ဝေဖန်ခဲ့သူဖြစ်သော ပလိုစီသည် အင်္ဂါနေ့ နှောင်းပိုင်းတွင် တိုင်ပေသို့ ရောက်ရှိမည်ဟု မျှော်လင့်ရကြောင်း ယင်းကိစ္စနှင့် ပတ်သက်ပြီး သိရှိသူများက ပြောသည်။ ခရီးစဉ်နှင့် ပတ်သက်ပြီး တရုတ်၏ ခြိမ်းခြောက်မှုကို မှုမည်မဟုတ်ကြောင်း အမေရိကန်က ပြောသည်။

ပလိုစီ၏ ခရီးစဉ် မတိုင်မီ ထိုင်ဝမ် ရေလက်ကြား၏ နှစ်ဖက်စလုံးတွင် စစ်ဖက် လှုပ်ရှားမှု လက္ခဏာများ ထွက်ပေါ်နေစဉ် ယခု စစ်သင်္ဘော တပ်ဖြန့်မှုများကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အခြား တစ်ဖက်တွင်လည်း တရုတ် လေယာဉ်များသည် အင်္ဂါနေ့ မနက်ပိုင်းက ထိလွယ်ရှလွယ် ရေလမ်းကြောင်းကို ပိုင်းခြားထားသည့် အလယ်မျဉ်းအနီး ပျံသန်းခဲ့သလို တရုတ် စစ်သင်္ဘောအချို့သည်လည်း တနင်္လာနေ့ ကတည်းက အလွတ်သဘော ပိုင်းခြားထားသည့် မျဉ်းအနီးတွင် ရှိနေခဲ့သည်ဟု ထိုကိစ္စနှင့်ပတ်သက်ပြီး သိရှိသူများက ရိုက်တာကို ပြောသည်။

မှတ်ချက်ပေးရန် ပန်ကြားချက်များကို တရုတ် ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က လက်တလော ဖြေကြားခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly