လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်ကို သွားရောက်ခဲ့ပါက ‘တန်ဖိုး ပေးဆပ်ရမည်’ဟု အမေရိကန်ကို တရုတ် သတိပေး 

လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်ကို သွားရောက်ခဲ့ပါက ‘တန်ဖိုး ပေးဆပ်ရမည်’ဟု အမေရိကန်ကို တရုတ် သတိပေး 

ဩဂုတ်လ ၂ ရက်

အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပီလိုစီက ၎င်း၏ အာရှခရီးစဉ်အတွင်း ထိုင်ဝမ်သို့ သွားရောက်ခဲ့ပါက အမေရိကန်အနေဖြင့် “တန်ဖိုး ပေးဆပ်ရလိမ့်မည်”ဟု တရုတ်က အင်္ဂါနေ့တွင် သတိပေးသည်။ 

ပီလိုစီသည် အင်္ဂါနေ့၌ မလေးရှားနိုင်ငံသို့ ရောက်ရှိနေပြီး ခရီးစဉ်၌ တိုင်ပေသို့ သွားရောက်နိုင်ခြေရှိသည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် တရုတ်တွင် စိတ်ဆိုးဒေါသထွက်မှုများ ပေါ်ပေါက်စေသည်။ 

ထိုင်ဝမ်အား ၎င်းပိုင်နယ်မြေအဖြစ် တရုတ်က ရှုမြင်ထားပြီး ပီလိုစီသည် လာရောက်မှုအား အဓိက ရန်စမှုအဖြစ် ရှုမြင်မည်ဖြစ်ကြောင်းကို ထပ်ကာ သတိပေးထာသည်။ 

“တရုတ်ရဲ့ အချုပ်အခြာ လုံခြုံရေး အကျိုးစီးပွားကို ထိခိုက်စေမှာအတွက် အမေရိကန်ဘက်က တာဝန်ခံနိုင်ရမှာဖြစ်ပြီး တန်ဖိုးပေးဆပ်ရမှာ ဖြစ်တယ်”ဟု ပေကျင်းရှိ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟွာ ချန်ယင်းက ပြောသည်။ 

အမေရိကန် တာဝန်ရှိသူများသည် ထောက်ခံမှု ပြသရန်အတွက် ထိုင်ဝမ်သို့ သိုသိုသိပ်သိပ် သွားရောက်ခြင်းများ မကြာခဏ ရှိခဲ့သော်လည်း ယခု ပီလိုစီ၏ ထိုင်ဝမ်သို့ သွားရောက်ဖြစ်ခြင်းသည် မကြာသေးသော သမိုင်း၌ အဆင့်မြင့် တာဝန်ရှိသူတစ်ဦး ပထမဆုံး သွားရောက်မှု ဖြစ်မည် ဖြစ်သည်။ 

ထိုသို့ သွားရောက်မည့် အစီအစဉ် ရှိသည်ဆိုသော သတင်းများကြောင့် အမေရိကန်-တရုတ် တင်းမာမှု မြင့်တက်လာစေသည်။ 

ထိုင်ဝမ်အရေးတွင် ‘မီးနှင့် ကစားနေခြင်း’ မပြုရန် ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်နှင့် ဖုန်းပြောရာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က သတိပေးခဲ့သည်။ 

ထိုကဲ့သို့ ထိုင်ဝမ်သို့ လာရောက်ခရီးစဉ်သည် “အလွန် အန္တရာယ်ရှိပြီး အလွန် ရန်စမှု မြောက်ကြောင်း” ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းဟန်က တနင်္လာနေ့တွင် ပြောခဲ့သည်။ 

ဂျိုး ဘိုင်ဒင် အစိုးရအနေဖြင့် ထိုင်ဝမ်သို့ ပီလိုစီ သွားရောက်မည်ကို ကန့်ကွက်ရမည်ဟု နားလည်ရသော်လည်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ ဂျွန်ကာဘီက ပီလိုစီအနေဖြင့် သူမ နှစ်သက်ရာဆီ သွားခွင့်ရှိသည်ဟု ပြောဆိုသည်။ 

“လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ထိုင်ဝမ်ဆီ သွားပိုင်ခွင့် ရှိပါတယ်”ဟု တနင်္လာနေ့၌ သတင်းထောက်များအား ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly