ဒေါင်းနှင့် ချစ်သုဝေတို့ သရုပ်ဆောင်ထားသည့် “စ - မှတ်” ရုပ်ရှင်အတွက် လက်မှတ်များ စတင်ရောင်းချ

ဒေါင်းနှင့် ချစ်သုဝေတို့ သရုပ်ဆောင်ထားသည့် “စ - မှတ်” ရုပ်ရှင်အတွက် လက်မှတ်များ စတင်ရောင်းချ

ဩဂုတ် ၂

သရုပ်ဆောင် ဒေါင်းနှင့် ချစ်သုဝေတို့ပါဝင် သရုပ်ဆောင်ထားသည့် “စ-မှတ်” အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းတိုကို ကြည့်ရှုနိုင်ရန် လက်မှတ်များ စတင်ရောင်းချပေးနေပြီ ဖြစ်သည်။

အဆိုပါ “စ-မှတ်” ရုပ်ရှင်အား လင်းလင်းမှ ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ဇာတ်ဝင်တေးသီချင်းကိုလည်း ၎င်းကိုယ်တိုင်ပင် ရေးစပ်ထားကြောင်း သိရသည်။

“တွေးစရာလေးတွေပါမယ်၊ အကြောင်းအရာလေးတွေ နည်းနည်းလေးတာလေးတွေပါမယ်၊ ဘာဆိုတာပြောလိုက်တာမျိုးမဟုတ်ဘဲနဲ့ ပြောလိုက်တာအပေါ်မှာ ကိုယ်စီကိုယ်စီ ကိုယ့်စဉ်းစားနိုင်အားနဲ့ စဉ်းစားယူရတဲ့အကြောင်းအရာလေးတွေပါမယ်၊ ပြီးတော့ ဇာတ်လမ်းလေးတွေ ချိတ်ထားတာတွေရှိမယ်၊ ချိတ်ထားတဲ့ဇာတ်လမ်းလေးတွေကလည်း တွေးစရာလေးတွေပါမယ်”ဟု လင်းလင်းက ပြောထားသည်။

ဒေါင်းနှင့် ချစ်သုဝေအပြင် ဘိုဘို၊ ထူးထူး၊ စန္ဒီထွန်း နှင့် အောင်လံတို့လည်း ပါဝင်သရုပ်ဆောင်ထားသည့် အဆိုပါရုပ်ရှင်ကို လက်မှတ်တစ်စောင်လျှင် ငွေ သုံးသောင်းကျပ်ဖြင့် Treza's Macrame Family facebook page တွင် ဝယ်ယူနိုင်ပြီဖြစ်သည်။ 

ပြည်ပမှ ဝယ်ယူလိုသူများအတွက်လည်း လက်မှတ် တစ်စောင်လျှင် စင်္ကာပူဒေါ်လာ ၃၀၊ အမေရိကန်ဒေါ်လာ ၃၀၊ သြစတြေးလျဒေါ်လာ ၃၀၊ ကိုရီးယားဝမ် ၂၁,၀၀၀၊ ဂျပန်ယမ်းငွေ ၃,၀၀၀၊ ထိုင်းဘတ်ငွေ ၆၀၀ နှင့် ယူရို ၃၀ တို့ဖြင့် နိုင်ငံအလိုက် အသီးသီးဈေးနှုန်း သတ်မှတ်ထားပါသည်။ 

ရုပ်ရှင်လက်မှတ် ဝယ်ယူထားသူများအနေဖြင့် စီစဉ်ထားတဲ့ online platform တွင် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်၌ တစ်ပြိုင်နက် စတင်ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။

“ဇာတ်ညွှန်းလေးကိုဖတ်ကြည့်တော့ ကျွန်တော့ရင်ထဲမှာ စ-မှတ် ဆိုတဲ့အရာက လောကကြီးမှာ ဘယ်လောက်အရေးကြီးလဲ ဆိုတာ ကျွန်တော်တွေးမိလာတယ်။ ကျွန်တော်တို့တစ်ခုခုလုပ်တော့မယ်ဆိုရင် စ-မှတ်က သိပ်အရေးကြီးတယ်၊ သိပ်တာဝန်ကြီးတယ်။ ကျွန်တော်ယုံကြည်တယ် ကိုလင်း ပြောချင်တဲ့ အကြောင်းအရာက ဒီတော်လှန်ရေးရဲ့ စ-မှတ်ပဲဖြစ်မယ်လို့၊ ကျွန်တော်တို့ လူတိုင်းရဲ့ အနာဂတ်၊ ကျွန်တော်တို့မျိုးဆက်တွေရဲ့အနာဂတ်၊ အရာအားလုံးရဲ့စ-မှတ်အတွက် ပြောချင်တာဖြစ်ရင်ဖြစ်မယ်၊ အဲ့တော့ ဒီဇာတ်လမ်းလေးကြည့်ပြီး အားလုံးကို ခံစားကြည့်စေချင်တယ်”ဟု ဒေါင်းက ပြောသည်။

ရုပ်ရှင်လက်မှတ် ရောင်းရငွေများကိုလည်း တော်လှန်ရေးအတွက် အသုံးပြုသွားမည်ဖြစ်၍ အနုပညာကိုမြတ်နိုးသူ၊ တော်လှန်ဝန်ထမ်းလိုသူအားလုံး ရုပ်ရှင်လက်မှတ်ဝယ်ကာ ပါဝင်ရန် “စ-မှတ်” ရုပ်ရှင်အဖွဲ့သားများက တိုက်တွန်းထားသည်။

#mizzima
#ဒေါင်း
#ချစ်သုဝေ
#စ-မှတ်
#ရုပ်ရှင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly