စစ်ကောင်စီက အာဏာသိမ်းကာလ ၆ လ ထပ်တိုး

စစ်ကောင်စီက အာဏာသိမ်းကာလ ၆ လ ထပ်တိုး

August 1

စစ်ကောင်စီက အရေးပေါ်ကာလဟုဆိုကာ အာဏာသိမ်းယူသည့်ကာလကို ခြောက်လထပ်တိုးသတ်မှတ် လိုက်ကြောင်း ယမန်နေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် ကြေညာသည်။

ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ၂/၂၀၂၂ ကိုပြုလုပ်၍ စစ်ကောင်စီခန့် ယာယီသမ္မတဦးမြင့်ဆွေထံ အစီရင်ခံတင်ပြပြီး သဘောတူ ဆုံးဖြတ် ချက်အရဟုဆိုကာ နိုင်ငံတော်အာဏာကိုသိမ်းယူမှု ခြောက်လသက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ နိုင်ငံတော်အာဏာကို တစ်နှစ်အကြမ်းဖက် သိမ်းယူခဲ့ပြီးနောက်၊ ထပ်မံ၍ ဒုတိယအကြိမ် သက်တမ်းခြောက်လ ထပ်တိုးသတ်မှတ်ထားသည်မှာ ယမန်နေ့ ဇူလိုင် ၃၁ ရက်တွင် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ယမန်နေ့က ကာ/လုံအစည်းအဝေးခေါ်ယူ၍ တတိယအကြိမ် အာဏာသိမ်းယူသည့်ကာလ ခြောက်လ ထပ်တိုးလိုက်ခြင်း ဖြစ်သည်။

ယခင်စစ်ဗိုလ်ချုပ်များ၏ အလိုကျရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်တွင် အရေးပေါ်ကာလကို နှစ်နှစ်အထိ ကြေညာနိုင်ပြီး၊ ကနဦးတစ်နှစ်သက်တမ်းတစ်ကြိမ်နှင့် ခြောက်လသက် တမ်း နှစ်ကြိမ်အထိ သက်တမ်းတိုးနိုင်သည်ဟု ရေးဆွဲထားသည်။

ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်မှုများဆောင်ရွက်ရမည့်ကာလအတွက် ထပ်မံ၍ ခြောက်လသက်တမ်း တိုး သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီခေါင်းဆောင်က ဆိုသည်။

၎င်းတို့ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခုခြောက်လသက်တမ်းသည် နောက်ဆုံးဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ပြည့်မည်ဖြစ်ကာ နောက်ခြောက်လအတွင်း ရွေးကောက်ပွဲကို ကျင်းပပေးရ မည့် အခြေအနေဖြစ်သည်။

တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၊ တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးပါတီအချို့က စစ်ကောင်စီ ပြုလုပ် မည့်ရွေးကောက်ပွဲကို လက်မခံကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်အတွင်းကကျင်းပခဲ့သည့် ရွေးကောက်ပွဲရလာဒ် ကိုသာလက်ခံမည်ဟု ဆိုထားသည်။

#Mizzima

#စစ်ကောင်စီ

#အာဏာသိမ်းကာလ

#နေပြည်တော်

#ရွေးကောက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly