အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌက အာရှ-ပစိဖိတ် ခရီးစဉ် သွားမည်ဟု အတည်ပြုသော်လည်း ထိုင်ဝမ်နှင့် ပတ်သက်၍ နှုတ်ဆိတ်နေ

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌက အာရှ-ပစိဖိတ် ခရီးစဉ် သွားမည်ဟု အတည်ပြုသော်လည်း ထိုင်ဝမ်နှင့် ပတ်သက်၍ နှုတ်ဆိတ်နေ

ဇူလိုင်လ ၃၁ ရက်

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ ဦးဆောင်သော ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် အာရှ-ပစိဖိတ် ဒေသသို့ ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း သူမ၏ ရုံးက တနင်္ဂနွေနေ့တွင် အတည်ပြုသည်။ ထို ခရီးစဉ်တွင် စင်္ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံသို့ ဝင်ရောက်မည့် အစီအစဉ်များ ပါဝင်လိမ့်မည် ဖြစ်သည်။

အဖွဲ့ဝင် ခြောက်ဦး ပါ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်သို့ သွား၊ မသွား ဆိုသည်ကို ယခု ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြခြင်း မရှိပေ။ ဤမတိုင်မီက အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ထိုင်ဝမ်သို့ သွားရောက်မည် ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်းကြောင့် ယင်းက ခရီးစဉ် မတိုင်မီ အမေရိကန်နှင့် တရုတ်အကြား ဆွေးနွေးပြောဆိုမှုများ၌ ပေါက်ကွဲလုနီးပါး အခြေအနေတစ်ခု ဖြစ်နေခဲ့သည်။

“ဒီ ခရီးစဉ်မှာ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ ဒီမိုကရေစီ အုပ်ချုပ်မှုတို့အပေါ် အာရုံစိုက်သွားပါလိမ့်မယ်” ဟု ပလိုစီ၏ ရုံးက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

ဒီမိုကရက်တစ် ပါတီဝင်များသာ လိုက်ပါမည့် ကိုယ်စားလှယ်အဖွဲ့တွင် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဂရီဂေါ်ရီ မိခ် အပြင် ထောက်လှမ်းရေးဆိုင်ရာ အောက်လွှတ်တော် အမြဲတမ်း အထူးကော်မတီ၏ အဖွဲ့ဝင်များနှင့် အောက်လွှတ်တော် စစ်ဖက်ရေးရာ ငွေကြေးထောက်ပံ့မှုနှင့် ကြီးကြပ်မှု ကော်မတီ၏ အဖွဲ့ဝင်များ ပါဝင်မည် ဖြစ်သည်။

“ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကုန်သွယ်ရေး၊ COVID-19 ကပ်ရောဂါအရေး၊ ရာသီဥတု အကျပ်အတည်း၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဝါဒ အခြေခံတဲ့ အုပ်ချုပ်ရေး အပါအဝင် မိမိတို့ရဲ့ အမြင်၊ ရည်မှန်းချက်ချင်း တူညီတဲ့ အကျိုးတရားတွေ၊ တန်ဖိုးတွေကို ဘယ်လို ထပ်မံ ရှေ့တိုးတက်လှမ်းသွားနိုင်မလဲ ဆိုတာနဲ့ပတ်သက်ပြီး မိမိတို့ကိုယ်စားလှယ်အဖွဲ့ဟာ အဆင့်မြင့် လယ်ဗယ် ဆွေးနွေးမှုတွေ လုပ်သွားမှာဖြစ်တယ်” ဟု ပလိုစီက ထုတ်ပြန်ချက်တွင် ပြောသည်။

ပလိုစီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁ ရက်မှ ၂ ရက်တွင် စင်္ကာပူသို့ လာရောက်မည် ဖြစ်ပြီး သမ္မတ ဟာလီမာ ယာကော့ဘ်၊ ဝန်ကြီးချုပ် လီရှန်လွန်းတို့နှင့် တွေ့ဆုံသွားရန် စီစဉ်ထားသည်ဟု စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုသည်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီသည် ကိုယ်ပိုင် အုပ်ချုပ်နေသည့် ထိုင်ဝမ်သို့ လာရောက်နိုင်သည် ဆိုသည့် သတင်းများကြောင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများ မြင့်တက်ထားခဲ့သည်။ ထိုင်ဝမ်သည် လိုအပ်ပါက အင်အားသုံး ပြန်လည် ပေါင်းစည်းရမည့် နယ်မြေအစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု တရုတ်က ရှုမြင်သည်။

ကြာသပတေးနေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် တယ်လီဖုန်း ခေါ်ဆို ဆွေးနွေးခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် ၎င်းတို့အကြား ပထမဆုံးအကြိမ် လူချင်း တွေ့ဆုံမည့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေး စီစဉ်ရန် သဘောတူခဲ့သော်လည်း ထိုင်ဝမ်နှင့် ပတ်သက်ပြီး သဘောမတူညီမှုများက ပြောဆိုဆွေးနွေးမှုများအပေါ် ဖုံးလွှမ်းခဲ့ကာ ထိုင်ဝမ်နှင့် ပတ်သက်ပြီး “မီးဖြင့် မကစားရန်” ရှီက အမေရိကန်ကို သွက်ဝိုက် သတိပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly