သေဒဏ်စီရင်မှုအတွက် ဂျာမနီက မြန်မာသံတမန်ကို သမ္မန်ဆင့်ခေါ် 

သေဒဏ်စီရင်မှုအတွက် ဂျာမနီက မြန်မာသံတမန်ကို သမ္မန်ဆင့်ခေါ် 

ဇူလိုင် ၂၉

နိုင်ငံရေးအကျဉ်းသား လေးဦးကို မြန်မာ စစ်အာဏာသိမ်းအုပ်စုက သေဒဏ်ပေး ကွပ်မျက်ခြင်းအပေါ် နိုင်ငံတကာ ရှုတ်ချမှုများတွင် ပါဝင်ပြီး ဂျာမနီနိုင်ငံက အကြီးတန်း မြန်မာသံရုံး သံတမန်ကို သမ္မန်ဆင့်ခေါ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှနှင့် ပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်က ယင်း သေဒဏ်ပေးခြင်းနှင့် ပတ်သက်ပြီး တွစ်တာတွင် ရေးသားပြီးနောက်တွင် ဘာလင်က မြန်မာသံရုံး တာဝန်ခံကို သမ္မန်ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အေအက်ဖ်ပီသို့ ပြောသည်။ 

ဂျာမနီ၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရား ကိုယ်စားလှယ် Martin Thuemmel ကို ကိုးကားပြီး Petra Sigmund က တွစ်တာတွင် ရေးသားရာ၌ ယင်း သေဒဏ်ပေး စီရင်မှုကို ဂျာမနီအနေဖြင့် ရှုတ်ချကြောင်း ဖော်ပြပြီး သေဒဏ်စီရင်ခြင်းကို တရားဝင်ဆိုင်းငံ့ရန်နှင့် “အကြမ်းဖက်မှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများ အဆုံးသတ်ရန်” တိုက်တွန်းခဲ့သည်။ 

ယခုကဲ့သို့ ရေးသားမှုသည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ယခု သီတင်းပတ်အစောပိုင်းတွင် ထုတ်ပြန်သော ရှုတ်ချမှုနောက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ သေဒဏ်ပေးခြင်းကြောင့် ထိတ်လန့်တုန်လှုပ်ရပြီး ယင်းသည် စစ်အာဏာသိမ်းအုပ်စုအနေဖြင့် မြန်မာပြည်သူများ၏ ပြင်းပြထက်သန်သော ဒီမိုကရေစီ လိုလားမှုကို ပမာမထားခြင်းကို ပြသလိုက်ခြင်းဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထားသည်။ 

တနင်္လာနေ့က ထုတ်ပြန်ခဲ့သော အဆိုပါ သေဒဏ်ပေးခြင်းသည် မြန်မာနိုင်ငံ၌ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးပဲ ဖြစ်ပြီး နောက်ထပ် သေဒဏ်ပေးစီရင်မှုများ ရှိလာနိုင်ဦးမည်ဟု စိုးရိမ်မှုများ ဖြစ်ပွားပေါ်ပေါက်စေသကဲ့သို့ အထီးကျန်ပြီးဖြစ်သည့် စစ်ကောင်စီအား တင်းကြပ်သည့် နိုင်ငံတကာ အရေးယူမှုများ ဆောင်ရွက်ရန် တောင်းဆိုမှုများ ထွက်ပေါ်လာခဲ့သည်။ 

စစ်အာဏာသိမ်းအုပ်စုသည် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် သေဒဏ်ပေး ကွပ်မျက်ခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required