ကြိုးပေးခံရသူ ၄ ဦးအတွက် ပုသိမ်အကျဥ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ သဘောထား ထုတ်ပြန်

ကြိုးပေးခံရသူ ၄ ဦးအတွက် ပုသိမ်အကျဥ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ သဘောထား ထုတ်ပြန်

ဇူလိုင် ၂၉

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများသည် အကြမ်းဖက်စစ်ကောင်စီက ကြိုးပေးခဲ့သူ ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုး‌‌အောင်နှင့် ဦးအောင်သူရဇော်တို့ လေးဦးအတွက် သဘောထား ထုတ်ပြန်ချက်တစ်စောင် ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း အကျဉ်းထောင်ဝန်ထမ်းတစ်ဦးထံက သိရသည်။

"အကြမ်းဖက်စစ်ကောင်စီသည် ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော် တို့ကို သေဒဏ်စီရင်ပြီးစီးကြောင်းကို ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများမှတစ်ဆင့် ကြေညာခဲ့သည်။ ထိုသတင်းအပေါ် မိမိတို့အနေဖြင့် မိသားစုများနှင့်အတူ ထပ်တူကြေကွဲ ဝမ်းနည်းရပါသည်။ "

"ထိုသို့ သေဒဏ် ကွပ်မျက်မှုသည် ဥပဒေမဲ့ ရာဇဝတ်မှု ကျူးလွန်သော လုပ်ရပ်ဖြစ်သည်။ "

"အကြမ်းဖက်စစ်ကောင်စီသည် မတရားသဖြင့် အာဏာသိမ်းပြီး အချိန်မှစ၍ မြန်မာနိုင်ငံသားများအပေါ်တွင် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ မတရားဖမ်းဆီးထောင်ချမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုဆက် တိုက်ကျူးလွန်ခဲ့သည်။"

"ဤကဲ့သို့ ၎င်းတို့၏ အာဏာတည်မြဲရေးကိုသာရှေ့ရှုသော အကြမ်းဖက် စစ်အာဏာရှင်အုပ်စုကို အမြစ်ပြတ်ချေမှုန်းရာတွင် ပြည်သူတစ်ရပ်လုံးအနေဖြင့် ပြတ်ပြတ်သားသား တွန်းလှန်တိုက်ပွဲဝင်ကြရန် တိုက်တွန်းသည်။"

"ဧရာဝတီတိုင်းမှ ပြည်သူများအနေဖြင့် စစ်အာဏာရှင်ကို အမြစ်ဖြတ်သည့် ပြည်သူ့ခုခံစစ်တွင် ယခုထက်ပို၍ ပြတ်ပြတ်သားသား အားသွန်ခွန်စိုက် ပါဝင်ကြရန် မိမိတို့ ဧရာဝတီတိုင်းသားများအနေဖြင့် အထူးတိုက်တွန်းသည်။"

"မိမိတို့ အနေနှင့် ပြည်သူ့ခုခံစစ်တွင် တိုက်ပွဲဝင်နေသော အမျိုးသားညီညွတ်ရေးအစိုးရ၊ EAOs များ၊ ဒေသအလိုက် ပြောက်ကျားတပ်ဖွဲ့များ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးနှင့်ထပ်တူရှိကြောင်း သဘောထား ထုတ်ပြန်သည်။" ဟု ပုသိမ်အကျဉ်းထောင် နိုင်ငံရေးအကျဉ်းသားများက ထုတ်ပြန်ထားကြောင်း အကျဉ်းထောင်ဝန်ထမ်းက ပြောသည်။

၎င်းအပြင် ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့မနက်ပိုင်းက ပုသိမ်အကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသားများက ၎င်းတို့ အကျဥ်းချခံထားရသည့် အခန်းများရှေ့တွင် ကြိုးပေးခံရသူများအတွက် ၂၁ စက္ကန့် ငြိမ်သက်ခြင်း၊ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားခြင်းနှင့် ကြိုးပေးခံရသူများနှင့် နွေဦးတော်လှန်ရေးတွင်ကျဆုံးခဲ့သူများအား အလေးပြုခြင်းများကို ပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျောသော်၊ ဦးလှမျိုး‌‌အောင်နှင့် ဦးအောင်သူရဇော်တို့ လေးဦးကို သေဒဏ်ပြစ်ဒဏ်စီရင်ပြီးကြောင်း ဇူလိုင်လ ၂၄ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ကြေညာခဲ့သည်။

#mizzima

#၈၈မျိုးဆက်

#ပုသိမ်အကျဥ်းထောင်

#ဦးဖြိုးဇေယျာသော်

#ဦးဂျင်မီ

#ဦးလှမျိုး‌‌အောင်

#ဦးအောင်သူရဇော်

#သဘောထားထုတ်ပြန်ချက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required