ရန်ကုန်မြို့တော်ခန်းမရှေ့တွင် စစ်ကောင်စီ၏ သေဒဏ်စီရင်မှုကို အားပေးထောက်ခံပွဲ စစ်ကောင်စီမှ လုံခြုံရေးယူကာ ပြုလုပ်

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် စစ်ကောင်စီ၏ သေဒဏ်စီရင်မှုကို အားပေးထောက်ခံပွဲ စစ်ကောင်စီမှ လုံခြုံရေးယူကာ ပြုလုပ်

ဇူလိုင် ၂၉

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမနှင့်မဟာဗန္ဓုလပန်းခြံရှေ့တွင် စစ်ကောင်စီ၏ သေဒဏ်စီရင်မှုအား အားပေးထောက်ခံပွဲပြုလုပ်နေမှုကို စစ်ကောင်စီက လုံခြုံရေးအင်အားအပြည့်ယူပေးထားကာ စစ်ဆေးရေးကို တင်းကျပ်စွာလုပ်ဆောင်နေကြောင်း ပြည်သူအချို့၏ သတင်းပေးချက်အရ သိရသည်။

“ထောက်ခံပွဲမှာ လူတွေအများကြီးပဲ၊ လူရာနဲ့ချီတယ်၊ လုံခြုံရေးကိုမှ ကျပ်နေတာပဲ၊ စစ်ကားတွေကို ပတ်နေတာ၊ ဖုန်းတွေလည်းစစ်တယ်၊ ထမင်းချိုင့်အစ အကုန်၊ တော်တော်တင်းတင်းကျပ်ကျပ်ကိုစစ်တာ၊ စစ်သားဆိုတာလေ ကုန်သည်လမ်းထိပ်နဲ့ ဆူးလေထိပ်ထိကို လုံခြုံရေးအပြည့်နဲ့ကျပ်ထားတာ၊ ကားတွေတောင်မှ လမ်းကြောင်းရွှေ့မောင်းရတယ်။” ဟု လသာမြို့နယ်နေပြည်သူတစ်ဦးက ၎င်းမြင်တွေ့ခဲ့ရသည်ကို ပြောသည်။

အဆိုပါပွဲကျင်းပရန်နှင့် ပြုလုပ်နေစဉ်အတွင်း မြို့ထဲတစ်ခွင် ယာဉ်လမ်းကြောကျပ်တည်းမှုများ ဖြစ်ပေါ်နေပြီး မြို့တော်ခန်းမနှင့်မဟာဗန္ဓုလပန်းခြံတစ်ဝိုက်အား တစ်ကြောင်းကို စစ်ကား သုံးစီးဖြင့် ပတ်နေကြောင်း၊ ကုန်သည်လမ်း အိန္ဒိယသံရုံးထိပ်မှ ဆူးလေ မြို့တော်ခန်းမ၊ ပန်းခြံနားအထိ အပြင်လူဝင်ခွင့်မပြု၊ ကားများလည်းခွင့်မပြုကာ တစ်ဖက်ပိတ် တစ်လမ်းမောင်းပုံစံ ပြုလုပ်ထားကြောင်း သိရသည်။

ထောက်ခံပွဲပြုလုပ်ရန် လမ်းများလည်းပိတ်ဆို့ထားသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများလည်းဖြစ်ပေါ်နေကြောင်း သိရသည်။

“ရွှေဂုံတိုင်ဘက်ကလာတဲ့ ဘတ်စ်ကားတွေက သမ္မတရုပ်ရှင်ရုံကနေပြန်ကွေ့၊ ဘူတာကြီးကနေပြန်ကွေ့ရတယ်၊ ရှေ့ဆက်သွားလို့မရဘူး၊ ဆူးလေရှေ့က ဖြတ်နေရတဲ့ ကားလိုင်းတွေလည်း ဖြတ်မရတော့ဘူး၊ လမ်းလွှဲကပဲမောင်းရတယ်။” ဟူ၍ YBS ဖြင့်ခရီးသွားလာနေသော သူများထံက သိရသည်။

ယခင်ရက်ပိုင်းကလည်း ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့၏ မိသားစုဝင်နေအိမ်များကို လူအုပ်စုဖွဲ့ရောက်ရှိလာကာ အကြမ်းဖက်လုပ်ရပ်များပြုလုပ်ခဲ့ရာ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များနှင့်တကွ ၎င်းတို့၏ လုပ်ရပ်များ အွန်လိုင်း၊ သတင်းဌာနများတွင်ပျံ့နှံ့ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများဖြစ်နေကြောင်းနှင့် အခကြေးငွေပေး၍ ငှားရမ်းခေါ်ယူထားရသော လူများဖြစ်နေကြောင်း ပြည်သူများက ပြန်လည်သိရှိခဲ့ရပြီးဖြစ်သည်။ ယနေ့တွင်လည်း သေဒဏ်စီရင်မှု အားပေးထောက်ခံပွဲကို ကြံ့ခိုင်ရေးပါတီမှ ဦးဆောင်ကျင်းပနေကြောင်းသိရပြီး လူအင်အား ရာချီပါဝင်ကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

#mizzima

#ရန်ကုန်မြို့တော်ခန်းမ

#သေဒဏ်စီရင်မှု

#အားပေးထောက်ခံပွဲ

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required