ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ကျေးရွာများအနီး မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များ ရှင်းလင်းမှုပြုလုပ်

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ကျေးရွာများအနီး မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များ ရှင်းလင်းမှုပြုလုပ်

ဇူလိုင် ၂၉

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ မပေါက်ကွဲသေးဘဲ ကျန်နေသည့် စစ်ကောင်စီ၏ လက်နက်ကြီးကျည် သုံးလုံးအား ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်( CHU PDF) က  သွားရောက်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ၆၀ မမ လက်နက်ကြီးဖြင့် မြို့ပြင်သို့ ပစ်ခတ်ရာ ကျေးရွာအချို့၏ အနီးသို့  လက်နက်ကြီး ကျရောက်ခဲ့သည်။

“လွန်ခဲ့တဲ့တစ်ပတ်ကျော်လောက်ဖြစ်မယ်ဗျ။ ကျွန်တော်ရက် အတိအကျမမှတ်မိဘူး။ ချောင်းဦးမြို့ထဲက မြို့နယ်အားကစားကွင်းကနေ လက်နက်ကြီးအထိုင်ချပြီး ရွာတွေဘက်ကို လျှောက်ပစ်တာ။ သူတို့ ၆၀ မမ တွေနဲ့လျှောက်ပစ်လို့ ဒီဘက်က ၄၀မမနဲ့ ပြန်သွားပြီး သုံးချက်လောက်ထုလိုက်မှ ဒီကောင်တွေငြိမ်သွားတယ်။ သူတို့ဘက်က ၆၀ မမနဲ့ ရှစ်ချက်လောက်ပစ်တယ်”ဟု CHU PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့ဖြစ်၍ လက်နက်ကြီးကျည် ကျရောက်ခဲ့သည့် ကျေးရွာများထဲမှ နှစ်ရွာသို့ ကာကွယ်ရေးတပ်များက ဇူလိုင်လ ၂၅ ရက်နှင့် ၂၇ ရက်နေ့များတွင် သွားရောက်ကာ ဗုံးသီး သုံးလုံးကို အန္တရာယ်ကြားမှ ဖောက်ခွဲရှင်းလင်းမှု လုပ်ဆောင်ပေးခဲ့ကြသည်။ ဒေသခံပြည်သူများ၏ လုံခြုံရေးအရ ၎င်းကျေးရွာများ၏အမည်ကိုမူ ဖော်ပြနိုင်ခြင်းမရှိပေ။

“ဗုံးသီးတွေရဲ့ထုံးစံက မြေထဲစိုက်ဝင်နေပြီဆိုရင် ဒီတိုင်းသွားဆွဲနှုတ်လို့မရဘူး ကွဲနိုင်တယ်။ ရှင်းတဲ့အခါ ဒေသန္တရ လက်လုပ်မိုင်းအသေးလေးတွေနဲ့ အဲ့ဗုံးသီးနားကပ်ချပြီးတော့ အဝေးကနေ အကာအကွယ်ယူပြီးခွဲပစ်ရတာ။ ရဲဘော်တွေကတော့ စွန့်စားရတာပေါ့လေ။ အန္တရာယ်များတာ မှန်သော်ငြားလည်းပဲ ကျွန်တော်တို့ကတော့ ပြည်သူတွေထက်စာရင် စစ်လက်နက်ပစ္စည်းတွေနဲ့ ရင်းနှီးတဲ့အတွက်ကြောင့် ကျွန်တော်တို့ပဲ ရအောင်ရှင်းလင်းပေးမယ်”ဟု CHU PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ပြည်သူများအနေဖြင့် မပေါက်ကွဲသေးသည့် ဗုံးသီးများ၊ ကျည်များနှင့် လက်ပစ်ဗုံးအစရှိသည့် စစ်လက်နက်ပစ္စည်းများ တွေ့ရှိပါက ကိုင်တွယ်ကြည့်ရှုခြင်း၊ ထုရိုက်ခြင်း၊ ပြောင်းရွှေ့သယ်ဆောင်ခြင်းလုံးဝ (လုံးဝ)မပြုလုပ်ကြဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ အကြောင်းကြားရန် အသိပေးထုတ်ပြန်ထားသည်။

မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားပါက အနီးရှိပြည်သူများ သေချာပေါက် သေကြေနိုင်သဖြင့် ယခုလိုကြေညာထားခြင်းဖြစ်ကြောင်းလည်း ရှင်းပြပြောဆိုထားသည်။
Photo - ပုံအဟောင်း
#Mizzima 
#စစ်ကိုင်းတိုင်း
#ချောင်းဦးမြို့နယ်
#စစ်ကောင်စီ
#လက်နက်ကြီး
#ကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required