ဒေသတွင်း အစီအစဉ်ကျမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် အရှေ့တောင်အာရှတို့ ဆက်လက်အမြင်တူနိုင်

ဒေသတွင်း အစီအစဉ်ကျမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် အရှေ့တောင်အာရှတို့ ဆက်လက်အမြင်တူနိုင်

ဆန်နီလဲန်၊ ဖေဖော်ဝါရီ ၁၆ ။          ။ လွတ်လပ်စွာမောင်းနှင်မှုအပါအဝင် နိုင်ငံတကာစည်းမျဉ်းများနှင့် စံနှုန်းများကို ထိန်းသိမ်းထားသည့် ဒေသတွင်းအစီအစဉ်ကျမှုတစ်ခုနှင့် ပတ်သက်၍ အမေရိကန်နှင့် အရှေ့တောင်အာရှနိုင်ငံများ ဆက်လက်အမြင်တူနိုင်သည်ဟု အမေရိကန်သမ္မတဘားရက်အိုဘားမားက ဖေဖော်ဝါရီ ၁၅တွင် ပြောသည်။

အာဆီယံနိုင်ငံအချို့နှင့် တရုတ်တို့ ပိုင်ဆိုင်မှုအငြင်းပွားကာ ပဋိုပက္ခဖြစ်နေသည့် တောင်တရုတ်ပင်လယ်ကို သွယ်ဝိုက်ရည်ညွှန်းကာ မစ္စတာအိုဘားမားက အာဆီယံခေါင်းဆောင်များနှင့် ထိပ်သီးဆွေးနွေးပွဲအစတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

"မကြာသေးခင်နှစ်များအတွင်းမှာ ဒေသတွင်းက ကျွန်တော်တို့ရဲ့မဟာမိတ်နှင့် မိတ်ဖက်တွေအတွက် ပင်လယ်ရေကြောင်းလုံခြုံရေးအကူအညီတွေ တိုးမြင့်ထားပါတယ်။ ဒါက ဥပဒေနဲ့ညီတဲ့ ကူးသန်းရောင်းဝယ်မှုကို ကာကွယ်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းကို ဖြေရှင်းဖို့ စွမ်းရည်တွေကို အပြန်အလှန်မြင့်တင်နိုင်ပါတယ်"ဟု ကယ်လီဖိုနီးယားပြည်နယ် ဆန်နီလဲန်တွင် ပြုလုပ်သော အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် အိုဘားမားက ပြောသည်။

"လွတ်လပ်စွာမောင်းနှင်မှုအပါအဝင် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေ ထိန်းသိမ်းထားတဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့ တရားဝင်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းတဲ့ ဒေသတွင်းအစီအစဉ်ကျမှုတစ်ခုနဲ့ ပတ်သက်လို့ ဒီထိပ်သီးဆွေးနွေးပွဲမှာ ကျွန်တော်တို့ ဆက်ပြီး အမြင်တူနိုင်ပါတယ်"ဟု ၎င်းကပြောသည်။ အာရှ-ပစိဖိတ်အတွက် အမေရိကန်၏ ကတိကဝတ်နှင့် ပတ်သက်၍လည်း အိုဘားမားက ထပ်လောင်းပြောကြာင်းခဲ့ပြီး ဒေသတွင်းရှိ ကြီးမားသည့် အခွင့်အလမ်းများကို အလေးအနက်ပြောကြားခဲ့သည်။

"သမ္မတတစ်ယောက်အနေနဲ့ ကျွန်တော်အခိုင်အမာပြောထားတာကတော့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတစ်ဝန်းက အရေးပေါ်ခြိမ်းခြောက်မှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရသည့်တိုင် ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးပေါ်လစီဟာ အခွင့်အလမ်းသစ်တွေကို သိမ်းပိုက်ဖို့ပါ။ ဘယ်ဒေသမှ အာရှ-ပစိဖိတ်ထက် ၂၁ရာစုမှာ အခွင့်အလမ်းပိုမရှိပါဘူး"ဟု အိုဘားမားကဆိုသည်။

"ဒါ့ကြောင့် ကျွန်တော့်ရဲ့ သမ္မတသက်တမ်းအစောပိုင်းမှာ ပစိဖိတ်နိုင်ငံတစ်ခုအနေနဲ့ အမေရိကန်ဟာ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးပေါ်လစီကို ပြန်လည်ချိန်ညိပြီး အာရှ-ပစိဖိတ်မှာ ပိုမိုကြီးမားပြီး ရှည်ကြာတဲ့ကဏ္ဍကနေ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်"ဟု ၎င်းကပြောသည်။ ထို့အပြင် ၁၀နိုင်ငံရှိ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များနှင့် အစည်းအဝေးတွင် ပထမဆုံးအမေရိကန်သမ္မတဖြစ်ခွင့်ရသည့် အတွက်လည်း ဂုဏ်ယူကြောင်း အိုဘားမားက ပြောသည်။

"အခုဆိုရင် ကျွန်တော်ဟာ အာဆီယံဒေသကို ခုနှစ်ကြိမ် ရောက်ပြီးပါပြီ။ ဒါက ကျွန်တော်အရင်ဘယ်သမ္မတထက်မဆို ပိုပြီးအကြိမ်ရေများပါတယ်"ဟု၎င်းကပြောသည်။ "ကွာလာလမ်ပူက ကျွန်တော်တို့ရဲ့ နောက်ဆုံးအစည်းအဝေးမှာ ကျွန်တော်တို့ဟာ သစ်လွင်တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုကို ခိုင်မာအောင်လုပ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ စဉ်ဆက်မပြတ်စေ့စပ် ညိနှိုင်းမှုက ကျွန်တော်တို့အားလုံးအတွက် အကျိုးရှိစေမဲ့ ခိုင်မာတဲ့ရလဒ်တွေကို ထုတ်ဖော်ပေးနေပါတယ်။ ဒါက အခုဒီက ထိပ်သီးဆွေးနွေးပွဲမှာ ကျွန်တော်တို့တည်ဆောက်နိုင်တဲ့ အရှိန်အဟုန်ပါ" ထို့အပြင် အမေရိကန်နှင့် အာဆီယံတို့သည် နိုင်ငံတစ်ခုတည်းက မကိုင်တွယ်နိုင်သော နိုင်ငံဖြတ်ကျော်စိန်ခေါ်မှုများကို ကိုင်တွယ်နိုင်ရန် ကမ္ဘာတစ်ဝန်း ပိုမိုလုပ်ဆောင်နိုင်မည်ဟုလည်း အိုဘားမားက ထပ်မံပြောကြားခဲ့သည်။

"လွန်ခဲ့တဲ့လက ဂျာကာတာမှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုက ကျွန်တော်တို့ကို သတိပေးခဲ့တာက ကျွန်တော်တို့ရဲ့ ပြည်သူတွေကို ကာကွယ်ရာမှာ နိုးနိုးကြားကြားရှိဖို့၊ သတင်းအချက်အလက်တွေကို ပိုပြီးမျှဝေဖို့နဲ့  ပူးပေါင်းစွာလုပ်ဆောင်ဖို့ အကြမ်းဖက်မှုက တောင်းဆိုနေပါတယ်"ထို့အပြင် အာဆီယံအသိုက်အဝန်းထူထောင်မှုအတွက်လည်း မစ္စတာအိုဘားမားက အာဆီယံကို ချီးကျူးခဲ့သည်။ ယင်းသို့ထူထောင်မှုက ဒေသတွင်း စီးပွားရေးကို ပေါင်းစည်းရေးအတွက် အရေးပါသည့် နောက်ထပ်ခြေလှမ်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

"ဒီထိပ်သီးဆွေးနွေးပွဲမှာ ဒီတိုးတက်မှုအပေါ် ကျွန်တော်တို့တည်ဆောက်နိုင်တယ်။ စွန့်ဦးတည်ထွင်လုပ်ငန်းရှင်ဖြစ်ခြင်းနဲ့ တီထွင်မှုကို အားပေးဖို့ ပိုပြီးလုပ်ဆောင်နိုင်မှာဖြစ်တယ်။ ဒါမှသာ ဖွံ့ဖြိုးတိုးတက်မှုဟာ စဉ်ဆက်မပြတ်ဖြစ်ပေါ်ပြီး အားလုံးအတွက် အကျိုးရှိမှာဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

အမေရိကန်နှင့် အာဆီယံကြား ကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်ဖြစ်မှု တိုးတက်လာကြောင်းလည်း မစ္စတာအိုဘားမားက ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

"ကျွန်တော်အာဏာရလာပြီးကတည်းက ကျွန်တော်တို့ဟာ အမေရိကန်နဲ့ အာဆီယံကြား ကုန်သွယ်ရေးဟာ ၅၅ရာခိုင်နှုန်းအထိ မြင်တင်လာနိုင်ပါတယ်"ဟု အိုဘားမားကဆိုသည်။ "အခုဒီဒေသဟာ အမေရိကန်အလုပ်အကိုင် ၅၀၀,၀၀၀ကျော်ကို ပံ့ပိုးပေးတဲ့ အမေရိကန်ပို့ကုန်တွေအပါအဝင် ကျွန်တော်တို့ရဲ့ စတုတ္ထမြောက် ကုန်သွယ်ရေးပါတနာဖြစ်နေပါပြီ"ဟုလည်း၎င်းကဆိုသည်။

အမေရိကန်ကုမ္ပဏီများသည် အာဆီယံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၌ အကြီးမားဆုံးအရင်းအမြစ်ဖြစ်နေပြီး ယင်းသို့ဖြစ်ခြင်းက မကြာသေးမီနှစ်များအတွင်း ဒေသတွင်း၏ ဂျီဒီပီကို မြင့်မားစေခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ကာ ပြည်သူများကို ဆင်းရဲသားများအဖြစ်မှ လူလတ်တန်းစားအဖြစ်သို့ မြင့်တင်ပေးနိုင်ခဲ့ကြောင်းလည်း အိုဘားမားက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly