အဆိုတော် ဖိုးကာ၏ ဂီတသက်တမ်း ဖြတ်သန်းမှု ၁၉ နှစ်ပြည့် တစ်ကိုယ်တော်ခွေ ထွက်မည်

အဆိုတော် ဖိုးကာ၏ ဂီတသက်တမ်း ဖြတ်သန်းမှု ၁၉ နှစ်ပြည့် တစ်ကိုယ်တော်ခွေ ထွက်မည်

အဆိုတော် ဖိုးကာ၏ ခြောက်ခွေမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်အဖြစ် ဖြန့်ခင်းဟု အမည်ပေးထားသည့် တေးအယ်ဘမ် CD & DVD ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် Bo Bo Music Production မှ စတင် ဖြန့်ချိသွားမည် ဖြစ်သည်။

ဖြန့်ခင်းဟု အမည်ပေးထားသည့် တေးအယ်ဘမ် CD & DVD ထွက်ရှိခြင်းနှင့် ပတ်သက်ပြီး စာနယ်ဇင်းများအား ကြိုတင်အသိပေးသည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပခဲ့သည်။

ထိုအခွေကို ၎င်း၏ ဂီတသက်တမ်း ဖြတ်သန်းမှု ၁၉ နှစ်ပြည့် အိမ်းအမှတ်အဖြစ် ထွက်ရှိခြင်း ဖြစ်ပြီး တေးသီချင်း စုစုပေါင်း ၉ ပုဒ် ပါဝင်ကာ ပရိသတ်အတွက် Audio CD အပြင် DVD အနေဖြင့်ပါ တစ်ခါတည်း ထွက်ရှိမည် ဖြစ်သည်။

အဆိုတော် ဖိုးကာက "ကျွန်တော် ခါတိုင်း အယ်ဘမ်ထွက်ရင် ၃၊ ၄ နှစ် ကြာပြီးမှ ထွက်ဖြစ်ခဲ့ တာပါ။ ဒီအခွေက ကျွန်တော် ၂၀၁၄ တုန်းက စလုပ်ဖြစ်တယ်။ ၂ နှစ်ပဲကြာတဲ့ အမြန်ဆုံး အခွေပါ။ ၁၉ နှစ် အနေအထားအရ အပြောင်းအလဲ တစ်ခု ဖြစ်နိုင်မယ့် Music ပုံစံတွေကို ရွေးချယ်ပြီး ထည့်ထား ပါတယ်" ဟု ပြောသည်။

၁၉ နှစ်ကြာ ဖြတ်သန်းခဲ့သည့် ဂီတသက်တမ်းအားဖြင့် ယခု အခွေတွင် မြင်တွေကနေကြ ပုံစံများမှ ကွဲထွက်ကာ သီချင်းပုံစံ၊ သီချင်း သီဆိုမှု အပြောင်းအလဲတွေ ပါဝင်သည့် တေးအယ်ဘမ် တစ်ချပ် ဖြစ်ပြီး ပရိသတ်အနေဖြင့် ထူးဆန်းသည့် အရာတစ်ခုကို ခံစားရမည် ဖြစ်သည်။

ထို တစ်ကိုယ်တော် တေးအယ်ဘမ်တွင် တေးသီချင်း အားလုံးကို Immortal Band ဖြင့် တီးခတ်ထားပြီး တေးရေးများအဖြစ် မိုးမင်းအိမ်၊ ကောင်းဇော် နှင့် အဆိုတော်ဖိုးကာ ကိုယ်တိုင် ရေးသားထား သည့် တေးသီချင်းများ ပါဝင်သည်။

DVD အခွေမှာတော့ ဒါရိုက်တာများ အဖြစ် အေးဇော်မိုး(စက်မှု)၊ မိုးဇော်ကို၊ ဓာတ်ပုံ ဉာဏ၊ စန်းထွဋ်၊ မေဘရဏီတို့မှ ရိုက်ကူး ပေးထားကြပြီး သရုပ်ဆောင်များ အဖြစ် မြင့်မြတ်၊ ထူး၊ လုလု၊ ဇွဲပြည့်၊ ချာလီ၊ သူရိန်ဝင်း၊ မင်းသိဒ္ဓိ၊ မစ်ကီ ၊ ခင်ဝင့်ဝါ၊ ဇင်မင်း ၊ နွယ့်ဒါလီထွန်း ၊ နွေးနုနုနိုင် ၊ ဖူးဖူးသစ် တို့မှ ပါဝင် သရုပ်ဆောင်ထားသည်။

အဆိုတော် ဖိုးကာသည် ၁၉၉၇ ခုနှစ်တွင် မှန်တစ်ချပ်ရဲ့အိပ်မက်၊ ၂၀၀၂ ခုနှစ်တွင် မျှော်လင့် သောလမ်း၊ ၂၀၀၄ ခုနှစ်နှင့် ၂၀၀၆ ခုနှစ် ဝန်းကျင်အတွင်း တစ်စိမ့်စိမ့်ကြည့် ၊ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အတွင်း တိုးတိုးလေးပြောပါ၊ ၂၀၁၃ ခုနှစ်တွင် အိပ်မက် ၁ အိပ်မက် ၂ စသည့် တစ်ကိုယ်တော် တေးအယ်ဘမ်များကို ထွက်ရှိခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly