တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်မှုကြောင့် မြန်မာ၏ ဦးနှောက်ခြောက်စရာ ပြဿနာများကို ပိုမိုဆိုးရွားစေဟု ထိုင်း ပြော

တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်မှုကြောင့် မြန်မာ၏ ဦးနှောက်ခြောက်စရာ ပြဿနာများကို ပိုမိုဆိုးရွားစေဟု ထိုင်း ပြော

ဇူလိုင်လ ၂၇ ရက်

ဒီမိုကရေစီ လိုလားသော တက်ကြွလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်ခြင်းက မြန်မာနိုင်ငံ၏ ဦးနှောက်ခြောက်စရာ ပြဿနာများကို ပိုမိုဆိုးရွားစေလိမ့်မည် ဖြစ်ကြောင်းနှင့် စစ်တပ်အာဏာသိမ်းထားသည့် နိုင်ငံတွင် ငြိမ်းချမ်းရေး ဖြစ်ထွန်းရရှိစေရေး ကြိုးပမ်းအားထုတ်မှုအားလုံးကို ပိတ်ပင်တားဆီးစေလိမ့်မည် ဖြစ်ကြောင်း ထိုင်းအစိုးရက ပြောကြားလိုက်သည်။

မြန်မာတွင် တက်ကြွလှုပ်ရှားသူလေးဦး အသက်ဆုံးရှုံးခဲ့ရမှုကို ထိုင်းနိုင်ငံအနေဖြင့် ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် အင်အားသုံးမှု၊ ရက်စက်မှုနှင့် အကြမ်းဖက်မှုတို့က နိုင်ငံရေး သဘောထား ကွဲလွဲမှုများကို ဘယ်တော့မှ ပြေလည်စေနိုင်လိမ့်မည် မဟုတ်ဟု အခိုင်အမာ ယုံကြည်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၊ သတင်းပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် တန်နီး ဆန်ဂရက်က ပြောသည်။

ကွပ်မျက်ခံရသည့် မြန်မာတက်ကြွလှုပ်ရှားသူ လေးဦးအတွက် မိသားစုများ၊ ချစ်ခင်ရသူများနှင့် ထပ်တူ ဝမ်းနည်းရကြောင်း တန်နီးက ပြောသည်။

“ပဋိပက္ခနဲ့ သက်ဆိုင်ပတ်သက်သူအားလုံးအနေနဲ့ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေ၊ ခိုင်မြဲတဲ့ နိုင်ငံရေး ဖြေရှင်းနည်းလမ်းတို့နဲ့အတူ ကြိုးပမ်းပြီး ပြေလည်အောင် ဖြေရှင်းကြဖို့ မိမိတို့ ပန်ကြားပါတယ်။ ဒါမှလည်း နောက်ထပ် လူ့အသက်တွေ မဆုံးရှုံးမှာ ဖြစ်သလို မြန်မာပြည်သူတွေ အေးချမ်းစွာ နေထိုင်နိုင်ခွင့်ကိုလည်း အလေးထားနိုင်မှာ ဖြစ်တယ်” ဟု ၎င်းက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ ဖြစ်ကြသော ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု၊  လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့ကို့ အကျဉ်းထောင်၌ ကွပ်မျက်ခဲ့ကြောင်း မြန်မာစစ်ကောင်စီ ဝါဒဖြန့် မီဒီယာက တနင်္လာနေ့က ထုတ်ပြန်ဖော်ပြခဲ့သည်။ မြန်မာအာဏာသိမ်းစစ်တပ်သည် ကွပ်မျက်မှုများ ဆောင်ရွက်မည့် အစီအစဉ်များကို ၂၀၂၂ ခုနှစ် ဇွန်လက ကနဦး ကြေညာခဲ့သည်။

အဆိုပါအမျိုးသားလေးဦးကို နိုင်ငံတကာ တရားစီရင်မှု စံနှုန်းများ၊ လူတိုင်း တရားစီရင်ရေးဆိုင်ရာ တူညီသော ဥပဒေ ကျင့်သုံးခံရခြင်း တို့နှင့် ဖီလာဆန့်ကျင်လျက်ဖြင့် စစ်ခုံရုံးက သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ယခု ပဋိပက္ခကို အဆုံးသတ်စေရေး မြန်မာစစ်ကောင်စီကို တတ်နိုင်သမျှ ဖိအားပေးရေးအတွက် ညီညီညွတ်ညွတ် စုပေါင်းအားထုတ်ရန် ကုလသမဂ္ဂ နှင့် အာဆီယံတို့ကို မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly