တက်ကြွလှုပ်ရှားသူများကို သတ်ဖြတ်မှုကြောင့် စစ်ကောင်စီခေါင်းဆောင်များကို အာဆီယံအစည်းဝေးများမှ မလေးရှား ပိတ်ပင်မည် 

By Malay Mail
27 July 2022
တက်ကြွလှုပ်ရှားသူများကို သတ်ဖြတ်မှုကြောင့် စစ်ကောင်စီခေါင်းဆောင်များကို အာဆီယံအစည်းဝေးများမှ မလေးရှား ပိတ်ပင်မည် 

ဇူလိုင်လ ၂၇ ရက်

ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ လေးဦးအား စစ်အာဏာသိမ်းအစိုးရ၏ ကွပ်မျက်သတ်ဖြတ်မှုကို လက်တုံ့ပြန်ခြင်းအဖြစ် မလေးရှားနိုင်ငံသည် အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးများ၌ မြန်မာပါဝင်မှုကို တားမြစ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အက်ဘ်ဒူလက်ရှ်က ပြောသည်။ 

ထိုသို့သော အစည်းအဝေးများသို့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များအား ဖိတ်ကြားခြင်းမပြုရန် မလေးရှားနိုင်ငံ၏ ယခင်ကတည်းက ရပ်တည်ချက်က ပို၍ ပြတ်သားလာခဲ့ခြင်း ဖြစ်သည်။ 

“ဝန်ကြီးအဆင့် အစည်းအဝေးတွေ အားလုံးဆီ နိုင်ငံရေးကိုယ်စားပြုသူ စေလွှတ်တာကို မြန်မာကို ခွင့်မပြုသင့်ဘူးလို့ အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဒီလို နိုင်ငံရေးကိုယ်စားပြုမှုမှာ အလေးအနက် အာရုံစိုက်ထားတယ်ဆိုတာ ပြသတာပါပဲ”ဟု ဇူလိုင် ၂၆ ရက် သတင်းစာရှင်းလင်းပွဲ၌ ဆိုင်ဖူဒင်က ပြောသည်။ 

အစောပိုင်းက ဆိုင်ဖူဒင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာနှင့် တွေ့ဆုံခဲ့သည်။ 

အထူးကိုယ်စားလှယ် မြန်မာနိုင်ငံဆီ သွားရောက်ခဲ့ပြီး သီတင်းနှစ်ပတ် မပြည့်ခင်မှာဘဲ တက်ကြွလှုပ်ရှားသူများကို ကွပ်မျက်စီရင်လိုက်ခြင်းဖြစ်သည်ဟု ဝန်ကြီး ဆိုင်ဖူဒင်က မှတ်ချက်ပြသည်။ 

ယင်း စီရင်မှုသည် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အပါအဝင် မြန်မာနိုင်ငံက ဖြစ်ပွားဆဲ ပဋိပက္ခများ ဖြေရှင်းရေးအတွက် ဖော်ဆောင်နေသည့် ကြိုးပမ်းနေမှုများအတွက် အဓိက ထိုးနှက်ချက်ဖြစ်သည်ကို သူနှင့် နိုလင်း ဟေဇာတို့က သဘောထားကိုက်ညီခဲ့ကြောင်း ဆိုင်ဖူဒင်က ဆိုသည်။ 

“ဒါကြောင့် မြန်မာစစ်အာဏာသိမ်း အစိုးရဟာ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ပြက်ရယ်ပြုလိုက်တာပဲလို့ ကျွန်တော်တို့ ရှုမြင်တယ်၊ ကျွန်တော်တို့အနေနဲ့ ဒါကို အလေးအနက် ကိုင်တွယ်သွားမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

ယခု စီရင်ကွပ်မျက်မှုသည် “လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်၏ လုံခြုံမှုတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်း” ပဲ ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲ၌ ပါဝင်သည့် နိုလင်း ဟေဇာက ပြောခဲ့သည်။ 

မြန်မာစစ်ကောင်စီသည် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့အား သေဒဏ်ပေး စီရင်ခဲ့ခြင်းဖြစ်ရာ နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly