ဓာတ်ငွေ့စစ်ပွဲ’ အတွက် ရုရှကို အရေးယူရန် အနောက်အုပ်စုအား ယူကရိန်း တိုက်တွန်း 

ဓာတ်ငွေ့စစ်ပွဲ’ အတွက် ရုရှကို အရေးယူရန် အနောက်အုပ်စုအား ယူကရိန်း တိုက်တွန်း 

ဇူလိုင်လ ၂၆ ရက်

ဥရောပသို့ ပို့လွှတ်နေသည့် ဓာတ်ငွေ့အား မမျှော်လင့်စွာ ကြီးကြီးမားမား လျှော့ချကြောင်း ရုရှနိုင်ငံပိုင် ဓာတ်ငွေ့ကုမ္ပဏီက တနင်္လာနေ့၌ ကြေညာလိုက်ခြင်းကြောင့် “ဓာတ်ငွေ့စစ်ပွဲ”အတွက် အရေးယူရန် အနောက်အုပ်စုအား ယူကရိန်းက တိုက်တွန်းလာရသည်။ 

အခြားသော အဓိကကုန်စည်ဖြစ်သော ယူကရိန်း၏ ဂျုံတင်ပို့မှု ယခု သီတင်းပတ်အတွင်း ပြန်လည်စတင်နိုင်ရန် ရှိလာချိန်၌ ယခု ဓာတ်ငွေ့ဖြတ်တောက်မှု ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ ပိတ်ဆို့နေသည့် ယူကရိန်းဂျုံများ ပြန်လည်တင်ပို့ရေးအတွက် နှစ်နိုင်ငံကြား ရရှိထားသည့် သဘောတူညီချက်မှာလည်း အိုဒက်ဆာ အဓိကဆိပ်ကမ်းကို ရုရှ၏ တိုက်ခိုက်မှုကြောင့် စောင့်ကြည့်ရမည့် အနေအထားတွင် ရှိနေသည်။ 

Nord Stream ပိုက်လိုင်းမှ ဥရောပသို့ နေ့စဉ် ဓာတ်ငွေ့တင်ပို့မှုကို တစ်နေ့ ကုဗမီတာ ၃၃ သန်းအထိ ဗုဒ္ဓဟူးနေ့မှစတင်ကာ လျှော့ချမည် ဖြစ်ကြောင်း ရုရှစွမ်းအင်ကုမ္ပဏီကြီး Gazprom က ပြောလာခြင်းဖြစ်သည်။ အဆိုပါ ပို့လွှတ်ပမာဏသည် ပိုက်လိုင်း၏ ပို့လွှတ်နိုင်စွမ်း၏ ၂၀ ရာခိုင်နှုန်းသာ ရှိခြင်း ဖြစ်သည်။ 

လည်ပတ်သည့် တာဘိုင်နှစ်၌ တစ်ခုတွင် “အင်ဂျင်ပိုင်း နည်းပညာပြဿနာ” ကြောင့် ပို့လွှတ်မှုကို ရပ်တန့်ရခြင်းဖြစ်သည်ဟု ယင်းကုမ္ပဏီက ပြောသည်။ 

သို့ရာတွင် ရုရှဓာတ်ငွေ့အပေါ် ကြီးစွာမှီခိုရေပြီး ဖေဖော်ဝါရီ ၂၄ ရက် ရုရှ၏ ယူကရိန်းအား ကျူးကျော်ချိန်မှစကာ မှီခိုမှုကို ဖြည်းဖြည်းချင်း ဖယ်ခွာနေသည့် ဂျာမနီက ဓာတ်ငွေ့ပို့လွှတ်မှု ဖြတ်တောက်ရရန် နည်းပညာအခက်အခဲ မရှိဟု ပြောလာသည်။ 

“တာဘိုင်များနှင့် ဓာတ်ငွေ့ပို့လွှတ်မှု ဖြတ်တောက်ခြင်းကြားတွင် ဆက်စပ်မှု မရှိ”ဟု တာဘိုင်များ ပြုပြင်ထိန်းသိမ်းရေးကို ကြီးကြပ်ဆောင်ရွက်ရသော ဂျာမနီအုပ်စု Siemens Energy ၏ ထုတ်ပြန်ချက်ကို အေအက်ဖ်ပီက မြင်တွေ့ခဲ့ရသည်။ 

ယခုကဲ့သို့ ဓာတ်ငွေ့ဖြတ်တောက်မှုသည် ရုရှအပေါ် ဥရောပအနေဖြင့် တိုး၍ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်သည်ကို ပြသနေခြင်းဖြစ်သည်ဟု ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ဆိုသည်။ 

“ဒါဟာ စည်းလုံးတဲ့ ဥရောပကို ရုရှက ဓာတ်ငွေ့စစ်ပွဲ ဆင်နွှဲတာပဲ ဖြစ်တယ်”ဟု ဇယ်လန်စကီးက ပြောသည်။ 

“လူတွေအတွက် ဘယ်လို ဖြစ်လာမယ်၊ ဘယ်လိုတွေ ခံစားလာရမယ်၊ ဆိပ်ကမ်းတွေ ပိတ်ဆို့တာကြောင့် ငတ်မွတ်မှု ကျရောက်လာမှာ၊ အေးမြတဲ့ ဆောင်းရာသီမှာ ဘယ်လိုနေထိုင်ရမှာ စတာတွေကို သူတို့တွေက ဂရုစိုက်ကြတာ မဟုတ်ဘူး၊ ဒါဟာ အကြမ်းဖက်ပုံစံ တစ်မျိုးပဲဖြစ်တယ်”ဟု နေ့စဉ် ဗီဒီယိုသတင်းစကား၌ ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly