ရုရှ စစ်တုရင်ပြိုင်ပွဲ၌ ၇ နှစ်သား ကလေးငယ်၏ လက်ချောင်းကို စက်ရုပ်က ချိုးခဲ့

By The New Daily
25 July 2022
ရုရှ စစ်တုရင်ပြိုင်ပွဲ၌ ၇ နှစ်သား ကလေးငယ်၏ လက်ချောင်းကို စက်ရုပ်က ချိုးခဲ့

ဇူလိုင်လ ၂၅ ရက်

ရုရှနိုင်ငံ မော်စကို၌ ပြုလုပ်ခဲ့သော စစ်တုရင်ပြိုင်ပွဲတစ်ခုအတွင်း စစ်တုရင်ကစားသော စက်ရုပ်တစ်ရုပ်က ယင်းနှင့် ယှဉ်ပြိုင်ကစားသည့် အသက် ခုနစ်နှစ်အရွယ် ယောကျ်ားလေးတစ်ဦး၏ လက်ချောင်းကို ချိုးပစ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ထို စစ်တုရင်ပြိုင်ပွဲကို ပြီးခဲ့သည့်အပတ်က ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း မော်စကို စစ်တုရင် ဖက်ဒရေးရှင်း၏ ဥက္ကဋ္ဌ ဆာဂေး လာဇာရက်ဗ် က ပြောကြားသည်။ ဆိုရှယ်မီဒီယာပေါ် မျှဝေခဲ့သည့် ဗီဒီယိုတစ်ခုအရ စက်ရုပ်သည် ကလေးငယ်၏ လက်ချောင်းကို စစ်တုရင်အရုပ်တစ်ရုပ်နှင့် မှားပြီး ဖမ်းဆုပ်ခဲ့ပုံ ရသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်အပတ်က တယ်လီဂရမ် ပလက်ဖောင်း၌ ကနဦး တင်ခဲ့သည့် စီစီတီဗွီ ရုပ်သံတစ်ခုတွင် လူကြီးနှစ်ဦးက ကောင်လေးနားသို့ အပြေးရောက်လာပြီး ၎င်း စက်ရုပ်လက်မှ လွတ်စေရေး ကူညီပေးခဲ့ရသည်ကို တွေ့ရနိုင်သည်။

“စက်ရုပ်က ကလေးငယ်ရဲ့ လက်ချောင်းကို ချိုးမိသလို ဖြစ်ခဲ့တာပါ” ဟု မစ္စတာ လာဇာရက်ဗ်က ရုရှ သတင်းဌာနများကို ပြောသည်။

“ဒါက တကယ့်ကို ဆိုးလှပါတယ်”

မော်စကို အိုးပင်း စစ်တုရင် ပြိုင်ပွဲ၏ တစ်စိတ်တစ်ဒေသအဖြစ် ထိုစက်ရုပ်ကို ငှားရမ်းထားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းကို နေရာအများအပြား၌ ကာလကြာ ပြသထားခဲ့ကြောင်း မစ္စတာ လာဇာရက်ဗ်က ပြောသည်။

အဆိုပါ စစ်တုရင် ကစားသော စက်ရုပ်သည် ယခင်က မည်သည့် မတော်တဆမှုမှ မရှိဘဲ ပွဲစဉ်အများအပြား ကစားထားခဲ့ကြောင်းနှင့် မော်စကို စစ်တုရင်ဖက်ဒရေးရှင်းအနေဖြင့် ထိုစက်ရုပ်အတွက် တာဝန်ခံစရာ အကြောင်းမရှိကြောင်း ၎င်းက ပြောသည်။

“ကောင်လေးက အကွက်တစ်ကွက် ရွှေ့လိုက်တယ်။ အဲဒီလို ရွှေ့ပြီးရင် ကျွန်တော်တို့ဟာ စက်ရုပ်ရဲ့ တုံ့ပြန်မှုကို စောင့်ဖို့ အချိန်ပေးဖို့ လိုပါတယ်။ ဒါပေမယ့် ခုဖြစ်စဉ်မှာ ကောင်လေးက လောနေခဲ့တယ်။ အဲဒါကြောင့် စက်ရုပ်က သူ့ကို ဖမ်းဆုပ်ခဲ့တယ်။ ဒါကြောင့် စက်ရုပ်နဲ့ ကျွန်တော်တို့ ဘာမှ ပတ်သက်ခြင်း မရှိပါဘူး” ဟု မစ္စတာ လာဇာရက်ဗ်က ပြောသည်။

တစ်ချိန်တည်းမှာပင် ယခုဖြစ်စဉ်တွင် ကလေးငယ်သည် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်မှာ ပေါ်လွင်ကြောင်း ရုရှ စစ်တုရင် ဖက်ဒရေးရှင်း ဒုဥက္ကဋ္ဌ ဆာဂေး အက်စ်မာဂျင်က ရုရှသတင်းဌာနများကို ပြောသည်။

“ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းတစ်ချို့ ရှိပါတယ်။ ကြည့်ရသရွေ့ ကလေးငယ်ဟာ အဲဒါတွေကို ချိုးဖောက်ခဲ့ပုံပါပဲ။ သူ တစ်ကွက်ရွှေ့လိုက်တဲ့နောက်မှာ သူ ပြန်စောင့်ရမယ်ဆိုတာကို သူ မသိမပြုမိဘဲ ဖြစ်ခဲ့တာပါ” ဟု မစ္စတာ အက်စ်မာဂျင်က ပြောသည်။

“ဒါက ကျွန်တော် သိသလောက်တော့ အင်မတန် ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တစ်ခုပါ”

စက်ရုပ်နှင့် ယှဉ်ပြိုင်မကစားမီ ထို ကလေးငယ်ကို ဘေးကင်းရေးဆိုင်ရာ လမ်းညွှန်ချက်များ ပြောပြခဲ့သလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

ယင်းဖြစ်စဉ်ဖြစ်ပြီးနောက် အဆိုပါ ကလေးငယ်သည် ပြိုင်ပွဲ၏ နောက်ဆုံးရက်များတွင် ပြန်လာပြီး စစ်တုရင်ပြန်ကစားခဲ့ကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly