မျောက်ကျောက်ရောဂါ ကူးစက်မှု ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ

မျောက်ကျောက်ရောဂါ ကူးစက်မှု ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ

ဇူလိုင်လ ၂၄ ရက်

အလျင်အမြန် ကူးစက်ပြန့်ပွားနေသည့် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်ကြောင်းနှင့် ယင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အမြင့်ဆုံး သတိပေးချက်လယ်ဗယ်ဖြစ်သည်ဟု WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယီဆက်က စနေနေ့တွင် ပြောကြားလိုက်သည်။

“နိုင်ငံတကာ စိုးရိမ်ပူပန်ရမှုဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေ” တစ်ခု ဆိုသည့် WHO ၏ သတ်မှတ်မှုက နိုင်ငံတကာ၏ ချိတ်ဆက်ညှိနှိုင်း ပူးပေါင်း တုံ့ပြန်မှုတစ်ခုကို ပေါ်ပေါက်စေရန် ရည်ရွယ်သလို ကာကွယ်ဆေးများ နှင့် ကုသမှုများ မျှဝေခြင်းအပေါ် ပူးပေါင်းဆောင်ရွက်ရန် ရန်ပုံငွေ ထည့်ဝင်ထောက်ပံ့မှုများကို လမ်းပွင့်စေနိုင်သည်ဟု သိရသည်။

ဖြစ်နိုင်ခြေရှိ ထောက်ခံချက်နှင့်ပတ်သက်ပြီး ဆွေးနွေးရန် ကြာသပတေးနေ့က အစည်းအဝေးထိုင်ခဲ့သည့် ကျွမ်းကျင်ပညာရှင် ကော်မတီတစ်ခု၏ အဖွဲ့ဝင်များသည် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး သဘောကွဲလွဲခဲ့ကြပြီး ကြေညာချက်ကို အဖွဲ့ဝင် ကိုးဦးက ဆန့်ကျင်ကာ၊ ခြောက်ဦးက ထောက်ခံခဲ့ကြသည်ဖြစ်ရာ နောက်ဆုံးတွင် တက်ဒရို့စ်ကိုယ်တိုင် အဆိုပါ မဆုတ်သာမတိုးသာအခြေအနေကို ဝင်ရောက်ဖြေရှင်းခဲ့ရသည်ဟု ၎င်းက သတင်းထောက်များကို ပြောသည်။

“နိုင်ငံတကာအတွက် စိုးရိမ်ပူပန်ရတဲ့ အများပြည်သူ ကျန်းမာရေး အရေးပေါ် အခြေအနေတစ်ရပ်ကို ကျွန်တော် ကြေညာတယ် ဆိုပေမယ့် လက်ရှိအချိန်မှာတော့ ဒါက အထူးသဖြင့် လိင်ဆက်ဆံဖက် အများအပြား ရှိနေတဲ့ လူတွေ အပါအဝင် အမျိုးသားချင်း လိင်ဆက်ဆံကြသူတွေမှာ အဓိက ကူးစက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်” ဟု တက်ဒရို့စ်က ဂျီနီဗာရှိ မီဒီယာတွေ့ဆုံရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

“လူမှုဆိုင်ရာ အမည်းစက်တွေ၊ ခွဲခြားဆက်ဆံမှုတွေက ဗိုင်းရပ်စ်လိုပဲ အန္တရာယ် ရှိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

နီးနီးကပ်ကပ် ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်ပြီး တုပ်ကွေး ကဲ့သို့ လက္ခဏာရပ်များ၊ အရေပြား ပြည်တည်နာများကို ဖြစ်စေသည့် အဆိုပါ မျောက်ကျောက်ရောဂါ၏ အန္တရာယ်က တစ်ကမ္ဘာလုံးတွင် အတန်အသင့် ဖြစ်ပြီး ခြွင်းချက်အနေဖြင့် ဥရောပတွင် ယင်းရောဂါ အန္တရာယ်က မြင့်မားသည်ဟု WHO က သတ်မှတ်ထားသည်။

ယခု ကြေညာချက်က “ဤ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် ကမ္ဘာ့အသိုက်အဝန်းအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် တောင်းဆိုမှုတစ်ခု” ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောသည်။ “ရောဂါ ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့နဲ့ ဒီရောဂါ ကူးစက်ခံရနိုင်ခြေ အမြင့်ဆုံး အစုအဖွဲ့တွေကို ကာကွယ်ပေးဖို့အတွက် နိုင်ငံတကာရဲ့ ချိတ်ဆက်ညှိနှိုင်း ပူးပေါင်းတုံ့ပြန်မှု လိုအပ်ပါတယ်” ဟု အိမ်ဖြူတော် ကပ်ရောဂါ ကြိုတင်ပြင်ဆင်မှုရုံးမှ ညွှန်ကြားရေးမှူး ရာဂျ် ပန်ဂျာဘီက ပြောသည်။

ယခုနှစ် လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၇၅ နိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားသူ ၁၆,၀၀၀ ကျော် ရှိပြီး အာဖရိကတွင် သေဆုံးသူ ငါးဦး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly