အာဏာသိမ်း စစ်ခေါင်းဆောင် ဂျပန်သို့သွားရောက်ဖွယ်ရှိ

အာဏာသိမ်း စစ်ခေါင်းဆောင် ဂျပန်သို့သွားရောက်ဖွယ်ရှိ

ဇူလိုင် ၂၃

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ဈာပနအခမ်းအနားသို့ တက်ရောက်ရန် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဂျပန်နိုင်ငံက ဖိတ်ကြားထားရာ စစ်ခေါင်းဆောင်တက်ရောက်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။

" စက်တင်ဘာ ၂၇ ရက်နေ့မှာပြုလုပ်မယ့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနအခမ်းအနားကို မြန်မာစစ်အုပ်စုကို ဂျပန်က ဖိတ်ကြားထားတော့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ဂျပန်ကိုလည်ပတ်တာဖြစ်လာနိုင်တယ်" ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ၏ အာရှဒေသဆိုင်ရာတာဝန်ရှိသူ မစ္စတာ တာပေကာဆိုင်းက သူ၏ တွစ်တာတွင် ရေးသားထားသည်။

ဂျပန်နိုင်ငံ၏ ဖိတ်ကြားမှုသည် နိုင်ငံအများအပြား၏ ဖယ်ကျဉ်မျုကို ခံထားရသည့် စစ်ခေါင်းဆောင်အတွက် နိုင်ငံခြားရေးကဏ္ဍတွင် အောင်မြင်မှုအဖြစ် ဝါဒဖြန့်ရန် အခွင့်လမ်းကောင်းရစေနိုင်မည်ဖြစ်သည်။

ဈာပနအခမ်းအနားသို့ နိုင်ငံခြားမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို ဖိတ်ကြားမည်ဟု ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဟီရိုကာဇူ မက်ဆူနိုက မကြာသေးခင်က ထုတ်ဖော်ပြောကြားခဲ့သည်။

သို့သော် ဂျပန်အစိုးရအနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပတင်ကိုတော့ ဈာပနအခမ်းအနားတက်ရောက်လိုလျှင်တောင်မှ ဖိတ်ကြားလိမ့်မည်မဟုတ်ဟု ဂျပန်သတင်းစာ ဆန်ကိုင်းက အမည်မဖော်သော အရာရှိများကို ကိုးကား၍ ရေးသားထားသည်။

ယူကရိန်းသို့ ရုရှားက ကျူးကျော်စစ်ဆင်နွှဲပြီးနောက် ဂျပန်က ရုရှားကို ဆန်ရှင်လုပ်အရေးယူများ တုံ့ပြန်ခဲ့သည်။

မြန်မာစစ်ခေါင်းဆောင်သည် နိုင်ငံတကာ၏ အပယ်ခံဖြစ်နေချိန်တွင် ဂျပန်က အလည်ပတ်လာရောက်ရန် ဖိတ်ကြားသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်‌ေပ။ ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့၏ အစီရင်ခံစာထွက်ရှိပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပြစ်တင်ရှုတ်ချမှုများနေချိန် ၂၀၁၉ ခုနှစ်အတွင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလက်ထက် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့ဖူးသည်။

ဝန်ကြီးချုပ်ဟောင်း အာဘေးသည် ယခုလအစောပိုင်းက ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ နာရာမြို့တွင် မဲဆွယ်ဟောပြောနေစဉ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။ စွပ်စွဲခံရသော သေနတ်သမားကို ပစ်ခတ်မှုဖြစ်ပွားအပြီး ချက်ချင်းပင် ဖမ်းဆီးခဲ့ပြီး ထိန်းသိမ်းထားကာ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် လူသတ်မှုများဖြင့် အမှုစွဲရန်အာဏာပိုင်များကလုပ်ဆောင်နေသည်။

သံသယရှိသူ အသက် ၄၁ နှစ်အရွယ် တက်ဆူရာ ရာမာဂူချီက သတ်ရသည့်အကြောင်းရင်းမှာ သူမုန်းတီးသော ဘာသာရေးအသင်းအဖွဲ့နှင့် အာဘေးနှင့် ဆက်နွှယ်နေ၍ဖြစ်သည်ဟု ရဲကိုပြောသည်။ ၎င်း၏ ထွက်ဆိုချက်များနှင့် အခြားသော သက်သေအထောက်အထားများအရ သူ့အမေက ရက်ရက်ရောရောပုံအောလှူရာက မိသားစုအတွင်းမွဲပြာကျသွားခြင်းဖြစ်ခြင်းအပေါ် သူ့အနေဖြင့် သောကပရိဒေဝ ဖြစ်ခဲ့ရသည်ကို ညွှန်ပြနေသည်။

#Mizzima

#ရှင်ဇိုအာဘေးဈာပနအခမ်းအနား

#စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

#ဂျပန်နိုင်ငံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required