မိုးဗြဲမြို့ပေါ် ၂ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းသေဆုံး

မိုးဗြဲမြို့ပေါ် ၂ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းသေဆုံး

ဇူလိုင် ၂၁

ကရင်နီပြည်နယ်အစပ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ ဖြစ်ပွားသည့် နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သုံးဦးထက်မနည်း သေဆုံးကြောင်း မိုးဗြဲ PDF ၏ သတင်းနှင့်ပြန်ကြားရေးထံမှ သိရသည်။

ဇွန်လ ၁၈ရက် နံနက် ၂နာရီ ဝန်းကျင်မှစ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်သည် မြို့ပေါ် ၌ရှိနေချိန် နှစ်ရက်အတွင်း ၎င်းတို့ တပ်စွဲရာနေရာများရှိ အရပ်သားပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ခိုးယူခြင်းများ ကျူးလွန်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာများအပြင် အခြားလူနေရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အကြမ်းဖက်စစ်တပ်၏ အဆင်ခြင်မဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် တစ်လုံးမီးလောင်ကာ နေအိမ်အချို့ပျက်စီးမှုနှင့် အရပ်သား တစ်ဦး လက်နက်ကြီး ထိမှန်မှုတို့ ဖြစ်ပေါ်ခဲ့သည်ဟု မိုးဗြဲ PDF က ဆိုသည်။

မိုးဗြဲ မြို့ပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ နှစ်ရက်တာ ခုခံတွန်းလှန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့မနက်တွင် ခမရ(၄၂၂)တပ်သို့ ပြန်လည် ဆုတ်ခွာသွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်တပ်ပေါင်းစုများမှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

မိုးဗြဲမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် အချိန်အခါမရွေး စစ်ကြောင်းထိုးလာနိုင်သည့်အတွက် လုံခြုံရေး အသိ၊ လုံခြုံရေးသတိကြီးစွာဖြင့် ဂရုတစိုက်နေထိုင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှလည်း ပြည်သူ့ဘေးကင်းလုံခြုံမှုအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဟု မိုးဗြဲ PDF က ဆိုထားသည်။

#မိုးဗြဲမြို့နယ်

#mizzima

#အကြမ်းဖက်စစ်ကောင်စီတပ်

#တိုက်ပွဲပြင်းထန်

#လုံခြုံရေးသတိ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly