စစ်ရေးလှုပ်ရှားမှုရှိ၍ မုံရွာ-ချောင်းဦးလမ်းပိုင်းကို ယာယီပိတ်ထား

စစ်ရေးလှုပ်ရှားမှုရှိ၍ မုံရွာ-ချောင်းဦးလမ်းပိုင်းကို ယာယီပိတ်ထား

ဇူလိုင် ၁၉

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းကို လုံခြုံရေး အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်လိုက်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CHUPDF)မှ ယနေ့ထုတ်ပြန်ကြေညာထားသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက်အစောပိုင်းတွင် မုံရွာမြို့မှချောင်းဦးမြို့သို့ စစ်ကောင်စီခြေလျှင်စစ် ကြောင်းနှင့်စစ်ကောင်စီယာဥ်အချို့ လမ်းကြောလုံခြုံရေးအတွက် ဖြတ်သန်းသွားလာခြင်းပြုလုပ်ခဲ့ ကြောင်း သိရသည်။ လက်ရှိ၎င်းတို့မှာ ချောင်းဦးမြို့အနီး ရောက်ရှိနေပြီဖြစ်ကြောင်း CHUPDF ပြန်ကြား ရေးတာဝန်ခံက ပြောသည်။

“အဓိကက လမ်းကြောလုံခြုံရေးယူတယ်လို့ ယူဆရတယ်။ သူတို့ စစ်ကောင်စီတပ်သားသယ်တာ၊ ရိက္ခာ တို့ လက်နက်တို့ သယ်တဲ့အခါတွေမှာ သူတို့အဲဒီလိုမျိုး လမ်းကြောလုံခြုံရေးယူလေ့ရှိတယ်။ ခြေလျှင်ရော ကားရောပေါင်းရင် သူတို့အင်အားက ၇၀၊ ၈၀ လောက်ရှိမယ်။ ကားက မနက်အစောပိုင်းက နှစ်စီးသွား တယ်။ ပြီးတော့ ခြေလျှင်နဲ့ပါတာက နှစ်စီး” ဟု ၎င်းက ပြောသည်။

ယာယီပိတ်ထားချိန်အတွင်း အဆိုပါလမ်းပိုင်းကို လုံးဝအသုံးမပြုကြရန်နှင့် လိုက်နာခြင်းမရှိပါ လုံခြုံရေး အတွက် အာမမခံကြောင်းကိုလည်း အသိပေးလိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့တွင်လည်း မုံရွာ-ချောင်းဦးလမ်းပိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာ အနီးတွင် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ မိုင်းဆွဲတိုက်ခိုက်ရာ ခရီးသည်တင် ကားတစ်စီး မိုင်းထိမှန်၍ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မည်သည့်အဖွဲ့က မိုင်း ဆွဲမှုပြုလုပ်သည်ကိုမူ ထုတ်ပြန်ကြေညာထားခြင်းမရှိပေ။

“ အဲဒီနေ့က ကံကြီးကုန်းရွာ(ဒေသအခေါ် ပျူစောထီးရွာ)ကနေ ခြေလျှင်စစ်ကြောင်း ချောင်းဦးမြို့ကို ထွက်လာတဲ့အခါ ခင်မွန်ရွာအထွက်မှာ မိုင်းဆွဲခံရတယ်။ အဲ့အခါသူတို့ ခြေလျှင်ဆက်မသွားရဲတော့ဘဲ လာတဲ့ကားတွေကို တားတယ်။ တားပြီး ချောဆွဲတယ်။ မုံရွာဘက်က လာတဲ့ကားတွေကတော့ မိုင်းဆွဲတဲ့ အသံကြားကတည်းက ရပ်ကြတယ်။ နောက်ပြီး ဒေသခံတွေကလည်း မိုင်းဆွဲနေတယ် ကားတွေဆက် မသွားနဲ့ဆိုပြီး ဝိုင်းတားကြတယ်။ အဲဒီမှာ ကျွံလာတဲ့ ကားသုံးစီးကို စစ်သားတွေက တားပြီးလိုက်တယ်။ မိုင်းဆွဲခံရတဲ့ထဲပါတဲ့ Express ကားက အရှိန်နဲ့လာပြီး ရပ်ထားတဲ့ကားတန်းကြီးတွေကိုကျော်ပြီး စောစောက ကားသုံးစီးနောက်ကကပ်လိုက်သွားတယ်။ အဲဒီမှာ မိုင်းဆွဲခံလိုက်ရတာ” ဟု ဒေသခံတစ်ဦးက ပြန်ပြောပြသည်။

သို့ဖြစ်၍ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင်သွားလာနေကြသည့်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန် အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြရန်နှင့် နောက်ထပ်ကြေညာချက် တစုံတရာမထုတ် ပြန်မီ အချိန်အထိ အသုံးပြုခြင်းကို ရပ်နားထားပေးကြရန် အသိပေးချက်ထုတ်ပြန်ထားသည်။

#Mizzima 
#စစ်ကိုင်းတိုင်း
#ချောင်းဦးမြို့နယ်
#မုံရွာ-ချောင်းဦးလမ်း
#လုံခြုံရေးအရလမ်းပိတ်
#ကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required