ရုရှတိုက်ခိုက်မှုကြောင့် ဒွန်ဘတ်စ်၌ လူ ၆ ဦး သေဆုံးစဉ် ဒဏ်ခတ်ပိတ်ဆို့မှုများ အလုပ်ဖြစ်သည်ဟု အီးယူ ကာကွယ်ပြော 

ရုရှတိုက်ခိုက်မှုကြောင့် ဒွန်ဘတ်စ်၌ လူ ၆ ဦး သေဆုံးစဉ် ဒဏ်ခတ်ပိတ်ဆို့မှုများ အလုပ်ဖြစ်သည်ဟု အီးယူ ကာကွယ်ပြော 
Photo - AFP

ဇူလိုင် ၁၉

ရုရှအပေါ် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများက အလုပ်ဖြစ်ကြောင်း ဘရပ်ဆဲလ်က အီးယူဝန်ကြီးများ အစည်းအဝေး၌ အခိုင်အမာ ပြောဆိုစဉ်မှာပင် ယူကရိန်းအရှေ့ပိုင်းက  မြို့တစ်မြို့ကို ရုရှက တနင်္လာနေ့၌ အမြောက်ဖြင့် ပစ်ခတ်သဖြင့် လူ ခြောက်ဦး သေဆုံးကြောင်း ယူကရိန်းက ပြောသည်။ 

တစ်ချိန်တည်းမှာပင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ယာယီလုံခြုံရေးအကြီးအကဲကို ခန့်အပ်ပြီး အကြီးတန်း တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူများကို ရာထူးမှ ရပ်ဆိုင်းကြောင်း တနင်္ဂနွေနေ့နှောင်းပိုင်းတွင် ကြေညာသည်။ 

တနင်္လာနေ့ အစောပိုင်းက ရုရှ၏ လက်နက်ကြီး ပစ်ခတ်မှု ထိမှန်သော စက်မှုအရှေ့ပိုင်းအရပ်ရှိ တောရတ်စ်မြို့က နှစ်ထပ်အဆောက်အအုံတစ်လုံး ပြိုကျရာတွင် ကယ်ဆယ်ရေးသမားများက အပျက်အစီးများကို တူးဆွရှင်းလင်းပြီး ရှာဖွေကယ်တင်ရေး ဆောင်ရွက်နေသည်။ 

“ကျွန်တော် ပြူတင်းပေါက်တွေ ဖွင့်ထားခဲ့တယ်၊ ဒီအချိန် နံနက် ၅ နာရီလောက်မှာ ပေါက်ကွဲသံကြီး ကြားပြီး အုတ်နံရံတွေ ပြိုကျသလို ဖုန်တွေ လိမ့်တက်လာတယ်”ဟု ဒေသခံ နာဒီယာက အေအက်ဖ်ပီသတင်းထောက်များအား တုန်လှုပ်ခြောက်ခြားစွာ ပြောသည်။ 

အပျက်အစီးများကြားမှ သေဆုံးသူ ငါးဦးကို ဆွဲထုတ်ခဲ့ရကြောင်း အရေးဌာနက ဆိုပြီး ခြောက်ဦးမြောက်မှာ ဒဏ်ရာပြင်းထန်ပြီး ဆေးရုံတွင် သေဆုံးခြင်း ဖြစ်သည်။ 

လူဦးရေ ၃၀,၀၀၀ ဝန်းကျင်နေထိုင်သော တောရတ်စ်မြို့သည် ဖေဖော်ဝါရီလအတွင်း ယူကရိန်းကို ကျူးကျော်သည့် ရုရှတပ်များ ပစ်မှတ်ထားသော ခရမ်မတ်တော့စ်ခ်တောင်ပိုင်း ကီလိုမီတာ ၅၀ အကွာတွင် တည်ရှိသည်။ 

ရုရှတပ်များသည် မကြာသေးခင်က အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသ၌ အောင်ပွဲများ ရလာပြီး လိုင်ဆိုင်ချန်စ်နှင့် ဆီဗာရိုဒွန်နက်စ် ညီအစ်မမြို့များကို သိမ်းပိုက်ခဲ့သည်။ 

ရုရှလိုလားသော သူပုန်များက ဒွန်ဘတ်စ်ဒေသရှိ နောက်ထပ်ပစ်မှတ်ဖြစ်သော ဆီဗက်စ်မြိုသည် ၎င်းတို့၏ လက်အောက် ကျရောက်ပြီဟု တနင်္လာနေ့တွင် ပြောသော်လည်း ယင်း ကြေညာချက်ကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required