ရွှေပြည်သာ ည/၁၁ ရပ်ကွက်ရုံးအား လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ဟု Wolves ပြောက်ကျားတပ်ဖွဲ့ပြော

ရွှေပြည်သာ ည/၁၁ ရပ်ကွက်ရုံးအား လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ဟု Wolves ပြောက်ကျားတပ်ဖွဲ့ပြော

ဇူလိုင် ၁၆

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၊ ည/၁၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်သည်ဟု Wolvesပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ည/၁၁ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဧည့်စာရင်းလက်ခံသည့် ရပ်ကျေးစာရေးတစ်ဦး အပါအဝင် စုစုပေါင်း လေးဦး ထိုင်နေသည့်အချိန်၌ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှု​ကြောင့် လေးဦးလုံး ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း Wolves ပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အဲ့ဒီရုံးကို ဖောက်ခွဲတိုက်ခိုက်ဖို့က အချိန်တော်တော်ယူခဲ့ရတယ်ဗျ။ ပြည်သူလူထုကို စစ်တပ်ဒေါက်တိုင်တွေနဲ့ အနီးအနားမှာ မနေဖို့အကြိမ်ကြိမ်သတိပေးထားတဲ့ကြားက အဲ့ဒီရပ်ကွက်ရုံးထဲမှာ ပြည်သူတွေ က ဝင်ထွက်နေတော့ လုပ်ရကိုင်ရတာ တော်တော်အခက်အခဲဖြစ်တယ်။ ပြည်သူတွေကို ပြောချင်တာက မလှူချင်ရင်နေပါ စစ်တပ်ဒေါက်တိုင်တွေနဲ့တော့ ဝေးဝေးမှာနေကြပါလို့ ထပ်ပြီးမှာချင်ပါတယ်"ဟု ၎င်းကဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ကုလားကြီးဆိုသည့် ရပ်ကျေးစာရေးဆိုသူမှာ ပြင်းထန်ဒဏ်ရာများရရှိသွားကြောင်း Wolves ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆက်လက်ပြောသည်။

ဗုံးပေါက်ကွဲမှုအပြီး မိနစ်အနည်းငယ်တွင် လူနာတင် ကားများ ရောက်ရှိလာကာ ထိခိုက်ဒဏ်ရာရရှိသူ လေးဦးကို ခေါ်ဆောင်သွားကြသည်ဟု သိရပြီး စစ်ကောင်စီတပ်သားများနှင့်ရဲများက ရွှေပြည်သာမြို့ အဝင်အထွက်လမ်းများကို ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

#Mizzima

#ရန်ကုန်တိုင်း

#ရွှေပြည်သာမြို့နယ်

#ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး

#ဗုံးပစ်တိုက်ခိုက်

#Wolvesပြောက်ကျားတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required