ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၂ ခုတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၂ ခုတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား

ဇူလိုင် ၁၆

ရန်ကုန်တိုင်း၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ် နှစ်မြို့နယ်တွင် ယမန်နေ့ ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီ အချိန်အတွင်း တစ်ပြိုင်တည်းနီးပါး ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်များအတွင်း နေထိုင်သည့် မြို့ခံများအပြောအရ သိရသည်။

ယမန်နေ့ ့ ညနေ ၄ နာရီ ၀န်းကျင်အချိန်တွင် လှိုင်သာယာမြို့နယ်တရားရုံး အရှေ့အပေါက်ဝ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိကြောင်း မြို့နယ်အတွင်းသတင်းများ အသိပေးနေသော HTY Information က ဖော်ပြထားသည်။

“ တရားရုံးအရှေ့ ဗုံးပေါက်တာ မှန်ပါတယ်။ အဲ့နားက မြို့နယ်ဋ္ဌာနဆိုင်ရာ ရုံးတွေ အများစုရှိတယ်။ အရင်ကလည်း စစ်တပ်က လုံခြုံရေးနဲ့ ပတ်သက်ပြီး အဝင်အထွက်အမြဲရှိနေတဲ့ နေရာပါ။ ဗုံးထောင်တာတော့ မဖြစ်နိုင်ဘူး။ ပစ်သွားတာဖြစ်မယ်။ ကားလမ်းဘေးဆိုတော့လေ။ ထိခိုက်သေဆုံး တယ်ဆိုတဲ့ အသံတော့ မကြားမိဘူး” ဟု အမည်မဖော်လိုသူ တရားရေး ၀န်ထမ်းတစ်ဦးက ပြောသည်။

အလားတူ ရွှေပြည်သာမြို့နယ် အမှတ်(၁၁)ရပ်ကွက်၊ ဘုရင့်နောင် လမ်းပေါ်ရှိ အုပ်ချုပ်ရေးမှူးရုံး တစ်ခုတွင်လည်း ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ဗုံးလာရောက်ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဥ်ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ အုပ်ချုပ်ရေးအဖွဲ့ဝင် သုံးဦးခန့် ပြင်းထန်ဒဏ်ရာ ရှိနိုင်ပြီး၊ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ ရကြောင်း သိရသည်။

“ အသံကြားလို့ ထွက်ကြည့်တာ ဗုံးပေါက်တယ်ဆိုတာသိရတယ်။ အိမ်နဲ့က သိပ်မဝေးဘူးလေ။ သွားတော့ မကြည့်ရဲဘူး။ စစ်ကားတွေတော့ ရောက်လာတယ်။ အရေးပေါ်ကားတွေလည်း ရောက်လာတယ်။ ရုံးက အဖွဲ့တွေ ထိတယ်လို့တော့ကြားတယ်။ ဖြတ်သွားဖြတ်လာတွေကို ထုံးစံအတိုင်း စစ်ဆေးမေးမြန်းတယ်။ သိတာတော့ ဒီလောက်ပါပဲ ”ဟု ဒေသခံ သတင်းအရင်းတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းအတွင်း ဇူလိုင် ၁၂ ရက် (ဝါဆိုလပြည့်နေ့)မှစတင်၍ ပစ်ခတ်ပေါက်ကွဲမှုများ ခပ်စပ်စိပ်ဖြစ်ပွားလျက်ရှိပြီး၊ ယမန်နေ့ ့ ၆ နာရီဝန်းကျင်အချိန်တွင် အမျိုးသားညီညွှတ်ရေးတပ်ပေါင်းစု၏ ရန်ကုန်တိုင်းအတွင်း မြို့ပြစစ်ရေးတာဝန်ခံကို ရဲဘော်မီးခဲအား ပေးဝန်ပေးအပ်ကြောင်း ထုတ်ပြန်လာခဲ့သည်။

#ရန်ကုန်

#လှိုင်သာယာ

#ဗုံးပေါက်ကွဲမှု

#အုပ်ချုပ်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly