ဒေါက်တာဇော်မြင့်မောင် နောက်ဆုံးတရားရင်ဆိုင်နေရသည့် ပုဒ်မ ၁၃၀(က)အမှု အပြီးသတ်အမိန့်ချမည်

ဒေါက်တာဇော်မြင့်မောင် နောက်ဆုံးတရားရင်ဆိုင်နေရသည့် ပုဒ်မ ၁၃၀(က)အမှု အပြီးသတ်အမိန့်ချမည်

ဇူလိုင် ၁၅

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား စစ်ကောင်စီက စွပ်စွဲထားသော ပုဒ်မ ၁၃၀ (က)အမှုအတွက် ဇူလိုင် ၂၀ ရက်(ဗုဒ္ဓဟူးနေ့) တွင် အိုးဘိုအကျဉ်းထောင်တွင်း အထူးတရားရုံးက အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း ယင်းအကျဉ်းထောင်အတွင်း သတင်းအရင်းအမြစ်က ယနေ့တွင် မဇ္စျိမကို ပြောသည်။

ယင်းအမှုသည် ၂၀၂ဝပြည့်နှစ် ရွေးကောက်ပွဲကာလ၌ အောင်မြေသာစံမြို့နယ်အတွင်း မလျော်သြဇာ အသုံးပြုကာ မဲမသမာမှု ပြုလုပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက တရားလိုပြုလုပ် တိုင်ကြားထားခြင်း ဖြစ်သည်။

စစ်ကောင်စီက ၀န်ကြီးချုပ်အား စွပ်စွဲထားသောအမှု ကိုးမှု ရှိသည့်အနက် ယခုအမိန့်ချမှတ်မည့် အမှုသည် နောက်ဆုံးရင်ဆိုင်ရန် ကျန်ရှိသည့် အမှုတစ်ခုလည်း ဖြစ်သည်။

“ဒါက သူ့(ဒေါက်တာဇော်မြင့်မောင်)ကို စွဲဆိုထားတဲ့ အမှုတွေထဲက နောက်ဆုံးကျန်တဲ့ အမှုပါပဲ။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ Final Order ပါ။ အမှုအတွက် စစ်ဆေးရမယ့် သက်သေတွေ အားလုံးစစ်ဆေးပြီးစီးကုန်ပါပြီ။ ဒါ့ကြောင့် အမိန့်ချဖို့ပဲရှိတော့တယ်။ သူ့ကျန်းမာရေးကောင်းပါတယ်” ဟု သတင်းအရင်းအမြစ်က ဆိုသည်။

၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မ ကိုးခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး၊ ယင်းတို့သည် အဂတိ လိုက်စားသည်ဟု စွပ်စွဲချက်ဖြင့် ပုဒ်မ ၅၅ အရ အဂတိအမှု ငါးမှု၊ သဘာဝဘေးပုဒ်မ တစ်မှု၊ ပုဒ်မ ၅၀၅(ခ)အမှု တစ်မှု၊ ရွေးကောက်ပွဲဆိုင်ရာအမှု နှစ်မှု စုစုပေါင်း ကိုးမှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အသက် ၇၀ ကျော်အရွယ် သွေးကင်ဆာဝေဒနာခံစားနေရသော ၀န်ကြီးချုပ်အား အဂတိအမှု ငါးမှုအတွက် ထောင်ဒဏ် ၂၁ နှစ် ၊ ပုဒ်မ ၅၀၅(ခ)အမှုအတွက် ထောင်ဒဏ် နှစ်နှစ်၊ သဘာဝဘေးပုဒ်မအတွက် ထောင်ဒဏ် နှစ်နှစ်၊ အမရပူရမြို့နယ်အတွင်း ရွေးကောက်ပွဲမလျော်သြဇာသုံးသည်ဟုဆိုကာ စွပ်စွဲချက်ဖြင့် ပုဒ်မ ၁၇၁(စ) အတွက် ထောင်ဒဏ် တစ် နှစ် စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ် ကို စစ်ကောင်စီက အမိန့်ချထားသည်။

#mizzima

#ဒေါက်တာဇော်မြင့်မောင်

#သဘာဝဘေးပုဒ်မ

#အပြီးသတ်

#စစ်ကောင်စီ

#ကျန်းမာရေးကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required