တန့်ဆည်မြို့နယ် အင်္ကုက္ကားရွာအနီး တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

တန့်ဆည်မြို့နယ် အင်္ကုက္ကားရွာအနီး တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

ဇူလိုင် ၁၅

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အင်္ကုက္ကားရွာအနီးတွင် စစ်ကောင်စီခြေလျင်တပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့များတို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တန့်ဆည် PDF တပ်ဖွဲ့ဝင်ထံမှ သိရသည်။

အင်္ကုက္ကားရွာမှ တန့်ဆည်မြို့သို့ ထွက်လာသည့် စစ်ကောင်စီတပ် အင်အား ၁၄ဦးပါ ခြေလျင်တပ်ကို ဇူလိုင်လ ၁၃ နံနက် ၇နာရီ‌အချိန် အင်္ကုက္ကားရွာတောင်ဘက် တန့်ဆည်မြို့နှင့် သုံးမိုင်အကွာတွင် PDF ပူးပေါင်းအဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ၁၂ဦးသာ တန့်ဆည်မြို့ထဲ ဝင်နိုင်ခဲ့သည်ဟု ဆိုသည်။

ထိုနေ့ည ၉နာရီအချိန်တွင်လည်း အင်္ကုက္ကားရွာမှ ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီ အင်အား ၁၄ ဦးပါ ခြေလျင်တပ်ကို တန့်ဆည်PDF၊ ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇) နှင့် ဒေသခံအဖွဲ့များ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ၁၀မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ လေးဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

" ဇူလိုင် ၁၃ မှာပဲ မတူတဲ့ နေရာ နှစ်ခုမှာဖြစ်တာ၊ မနက်ပိုင်းက မိုင်းဆွဲတာ နှစ်ယောက်သေတယ်။ ညပိုင်းကျ အပြန်အလှန်ပစ်ကျတာ၊ သုံးယောက်သေတယ်။ စစ်ကောင်စီတပ်က မနက်ပိုင်းတုန်းကလည်း ၁၄ ဦး ညပိုင်းကလည်း ၁၄ ဦးပဲ ၊ တပ်စိတ် နှစ်စိတ်ဖြစ်မယ်ထင်တယ်" ဟု တန့်ဆည် PDF တပ်ဖွဲ့ဝင်က မဇ္ဈိမကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်သားများ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အင်္ကုက္ကားရွာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည်မှာ တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်ပြီး တန့်ဆည်မြို့မြောက်ဘက် သုံးမိုင်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၃၀၀ကျော်ရှိသည့် ရွာကြီး ဖြစ်သည်။

" စစ်ခွေးတွေ စစ်ကြောင်းထိုးလို့ အင်အားများလာရင် အနီးအနားကရွာတွေကို မီးရှို့ဖျက်ဆီးတယ်။ ရွေကျင်နဲ့ အင်ပင်သာ ရွာနှစ်ရွာကတော့ စကစနဲ့ ပျူစောထီးတွေ လက်ချက်နဲ့ ပြာဖြစ်သွားပြီ၊ ရွာတွေ ပျောက်ကုန်ပြီး ဒေသခံတွေ တိမ်းရှောင်နေရပါတယ်" ဟု PDF တပ်ဖွဲ့ဝင်က ဆိုသည်။

စစ်ကောင်စီတပ်သားများသည် အင်္ကုက္ကားကျေးရွာအနီးရှိ ဖလံချိုင်၊ချောင်းဆုံ၊ဆင်ငယ်၊အောင်ချမ်းသာ၊ အင်ပင်သာရွာနှင့် ချောင်ဆုံးရွာများသို့ မကြာခဏ ဝင်ရောက်မီးရှို့ဖျက်ဆီးနေပြီး ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

#mizzima

#စစ်ကောင်စီတပ်သား

#ဝင်ရောက်မီးရှို့

#တပ်သား၅ဦးသေ

#တန့်ဆည်မြို့

#ထွက်ပြေးတိမ်းရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required