အင်းတော်မြို့နယ်တွင် စစ်တပ်က နေအိမ်များကို ဖျက်ဆီးပြီး ဆိုင်ကယ် ၃ စီးကို မီးရှို့

အင်းတော်မြို့နယ်တွင် စစ်တပ်က နေအိမ်များကို ဖျက်ဆီးပြီး ဆိုင်ကယ် ၃ စီးကို မီးရှို့

ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် အလယ်ဆိပ်ရွာတွင် ဇူလိုင်လ ၁၃ရက်နေ့ မနက် ၆နာရီခွဲခန့်က စစ်ကောင်စီတပ်များ ဝင်ရောက်ကာ လူနေအိမ်များကို ဖျက်ဆီးပြီး ဆိုင်ကယ်သုံးစီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အင်းတော်မြို့နယ် မဲဇာရွာမှ ထွက်ခွါလာပြီး အလယ်ဆိပ်ရွာသို့ ဝင်မွှေကာ တစ်အိမ်တက် တစ်အိမ်ဆင်း နေအိမ်များကို ဖျက်ဆီးပြီး ဆိုင်ကယ်သုံးစီးကို မီးရှို့ဖျက်ဆီးကာ တစ်စီးကို လည်းရိုက်ချိုးဖျက်ဆီးခဲ့သည်။

ဇူလိုင်လ ၁၀ရက်က အင်းတော်ဒေသကာကွယ်ရေးအဖွဲ့နှင့် KIA တို့ပူးပေါင်း၍ စစ်ကောင်စီ၏ မဲဇာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အထိနာနေသည့် စစ်တပ်က အနီးအနားရှိ ကျေးရွာများကို ဖျက်ဆီးနေခြင်းဖြစ်သည်။

“ဆိုင်ကယ်တွေလဲမီးရှို့တယ်။ အိမ်တွေကတော့ နှစ်ရာကျော်လောက်ရှိတာ တစ်ရာလောက်ဖျက်ဆီးသွားတယ်ဗျ။ မဲဇာနဲ့အလယ်ဆိပ်ရွာက နီးတယ်ဗျ။ အလယ်ဆိပ်ရွာကပြည်သူတွေတော့ တိမ်းရှောင်နေရတယ်။ နတ်မဟုတ်ကြီးရွာက ပြည်သူတွေကိုဖမ်းဆီးထားပြီး ထပ်ဖမ်းတာတွေလည်းရှိတယ်ဗျ။ လူ‌ဦးရေအတိကျတော့လိုက်နေတုန်းပါ” ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင် ရဲ့ဘော်တစ်ဦးက ပြောသည်။

အဆိုပါရဲဘော် ပေးပို့သည့် ဓာတ်ပုံထဲတွင် ပြည်သူများ၏ အိုးခွက်ပန်းကန်များ ရိုက်ခွဲဖျက်ဆီးခံရပြီး နေအိမ်များတွင်လည်း တံခါးများ၊ ပြူတင်းပေါက်မှန်များ ဆိုးရွားစွာ ဖျက်ဆီးခြင်းခံရသည်ကို တွေ့ရသည်။

အလယ်ဆိပ်ကျေးရွာသည် အိမ်ခြေ ၂၀၀ကျော်ခန့်ရှိသည့်အနက် ၁၀၀ကျော်ဖျက်ဆီးခံရပြီး ဒေသခံတစ်ထောင်ကျော်လည်း နီးစပ်ရာသို့ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင် ရဲ့ဘော်တစ်ဦးက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် အလယ်ဆိပ်ရွာကို ဝင်မွှေပြီး ညနေပိုင်းအချိန်တွင် မဲဇာသို့ ပြန်သွားကြောင်း၊ နတ်မဟုတ်ကြီးရွာ ဘုန်းကြီးဘုန်းကျောင်းတွင်လည်း စစ်တပ်အင်အား ၁၀၀ကျော်ခန့် တပ်စွဲထားသည်ဟု သိရသည်။

နတ်မဟုတ်ကြီးရွာရှိ ဒေသခံတစ်ချို့လည်း ဖမ်းဆီးခံရပြီး ဖမ်းဆီးခံဦးရေကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသခံရဲဘော်ထံမှ သိရသည်။

#mizzima

#စစ်ကောင်စီတပ်

#အင်းတော်မြို့နယ်

#ဖျက်ဆီး

#ဖမ်းဆီးခံရ

#စုံစမ်းနေဆဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required