စစ်ကောင်စီက မြို့ကြီးများ၌ တရုတ်နိုင်ငံထုတ် ကင်မရာ စောင့်ကြည့်မှုစနစ်များ ဖြန့်ကြက်နေဟု ဆို

စစ်ကောင်စီက မြို့ကြီးများ၌ တရုတ်နိုင်ငံထုတ် ကင်မရာ စောင့်ကြည့်မှုစနစ်များ ဖြန့်ကြက်နေဟု ဆို

ဇူလိုင် ၁၁

မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတစ်ဝန်း မြို့ကြီးများ၌ facial recognition (မျက်နှာသွင်ပြင် မှတ်သားမှုနည်းပညာ) ပါ တရုတ်ထုတ် ကင်မရာများကို တပ်ဆင်လျက် ရှိကြောင်း ထိုကိစ္စကို တိုက်ရိုက်သိရှိသည့် လူသုံးဦးက ပြောသည်။

လုံခြုံရေး ကင်မရာများနှင့် facial recognition နည်းပညာ ဝယ်ယူ၊ တပ်ဆင်ရန် ခေါ်ယူသည့် တင်ဒါများထဲတွင် အစီအစဉ်များကို ဘေးကင်းလုံခြုံရေး ထိန်းသိမ်းရန်၊ အခြေအနေအချို့တွင် အများပြည်သူ အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်သည့် safe city (လုံခြုံစိတ်ချရသောမြို့) ပရောဂျက်များအဖြစ် ဖော်ပြထားသည်ဟု ပရောဂျက်များတွင် ပါဝင်ပတ်သက်သော သို့မဟုတ် ပါဝင်ပတ်သက်ထားခဲ့သော ပုဂ္ဂိုလ်များက ပြောသည်။

၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းပြီးနောက် နိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံးမြို့ မော်လမြိုင် အပါအဝင် အနည်းဆုံး မြို့ကြီးငါးမြို့အတွက် ကင်မရာဖြင့် စောင့်ကြည့်မှု ပရောဂျက်သစ်များကို ဒေသအာဏာပိုင်များက စတင်ထားခဲ့ကြောင်း ယင်းကိစ္စကို သိရှိသူ သုံးဦးထံမှ သိရသည်။ ၎င်းတို့သည် စစ်ကောင်စီ၏ လက်တုံ့ပြန်နိုင်သည့် ရန်ကို ကြောက်သဖြင့် ၎င်းတို့၏အမည်များကို ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ယခင်အစိုးရက တပ်ဆင်ခဲ့သည့် သို့မဟုတ် စီစဉ်ခဲ့သည့် မှုခင်း ကာကွယ်တားဆီးရေး အစီအမံများအဖြစ် ထုတ်ဖော်ထားသော ကင်မရာ စနစ်များ ရှိသည့် မြို့ငါးမြို့အပြင် ယခု ပရောဂျက်သစ်များက သီးခြားဖော်ဆောင်သည့် ပရောဂျက်သစ်များ ဖြစ်ကြောင်း သတင်းရင်းမြစ်များနှင့် ပြည်တွင်းမီဒီယာက ထုတ်ဖော်သည်။ 

ယခုကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်တောင်းခံရန် ရိုက်တာ၏ ဖုန်းခေါ်ဆိုမှုကို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက မတုံ့ပြန်ခဲ့ပေ။ ထို့ပြင် စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြူနီစီပယ်မြို့ ၁၀ မြို့မှ အာဏာပိုင်များကလည်း ရိုက်တာ၏ မှတ်ချက်တောင်းခံမှုများကို မဖြေကြားခဲ့ပေ။ ရိုက်တာအနေဖြင့် တင်ဒါများကို ကြည့်ရှုနိုင်ခြင်း မရှိသလို ကင်မရာများ တပ်ဆင်ခြင်းကို အတည်ပြုရန် မြို့ကြီးများသို့ သွားရောက်နိုင်ခြင်း မရှိပေ။

စစ်ကောင်စီသည် နိုင်ငံ၏ ပြည်နယ် ခုနစ် ခု၊ တိုင်း ခုနစ် တိုင်းရှိ မြို့ကြီးများအတွက် ကင်မရာဖြင့် စောင့်ကြည့်မှု စနစ်များကို စီစဉ်နေကြောင်း စစ်ကောင်စီ၏ အစီအစဉ်များနှင့်ပတ်သက်ပြီး ကြားသိခဲ့ရသည့် သတင်းရင်းမြစ်များအနက် တစ်ဦးက ပြောသည်။

ကင်မရာဖြင့် စောင့်ကြည့်မှုစနစ်များ ဖြန့်ကျက်ရန် စစ်ကောင်စီ၏ အားထုတ်မှု အတိုင်းအတာနှင့်ပတ်သက်ပြီး ယခင်က သတင်းထွက်ပေါ်ထားခဲ့ခြင်း မရှိပေ။

တင်ဒါများကို Fisca Security & Communication နှင့် Naung Yoe Technologies Co တို့အပါအဝင် ပြည်တွင်း ဝယ်ယူရေး ကုမ္ပဏီများက အောင်မြင်ခဲ့သည်ဟု သတင်းရင်းမြစ်သုံးဦးက ပြောသည်။ ထိုကုမ္ပဏီများသည် တရုတ် စောင့်ကြည့်မှုနည်းပညာ ကုမ္ပဏီကြီးများဖြစ်သည့် Zhejiang Dahua Technology (Dahua)၊ Huawei Technologies Co Ltd နှင့် Hikvision တို့ထံမှ ကင်မရာများနှင့် ဆက်စပ် နည်းပညာအချို့ကို ရယူထားခဲ့ကြောင်း သတင်းရင်းမြစ်သုံးဦးက ထပ်လောင်းပြောသည်။

ရန်ကုန်တွင် အခြေစိုက်သည့် Fisca နှင့် Naung Yoe ကုမ္ပဏီတို့သည် ရိုက်တာ၏ မှတ်ချက်တောင်းခံမှုများကို မဖြေကြားခဲ့ပေ။

Huawei နှင့် Dahua တို့ကလည်း ရိုက်တာ၏ မှတ်ချက်တောင်းခံမှုများကို မဖြေကြားခဲ့ပေ။ Hikvision က ယင်းအနေဖြင့် မြန်မာအစိုးရအာဏာပိုင်များထံ မည်သည့်အခါကမှ တိုက်ရိုက် ရောင်းချထားခဲ့ခြင်း မရှိကြောင်းနှင့် ပြည်ပဈေးကွက်များရှိ ယင်း၏ ဖောက်သည်များက ဖြန့်ချိသူများနှင့် စက်အစိတ်အပိုင်းများကို ပေါင်းစပ်တပ်ဆင်သည့် လုပ်ငန်းများဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။ ထို့ပြင် ယင်းအနေဖြင့် နိုင်ငံထဲသို့ facial recognition နည်းပညာကို ရောင်းချမထားခဲ့ဟု ယင်းက ပြောသည်။

Facial recognition ဆော့ဝဲ အသုံးပြုလည်ပတ်နိုင်စွမ်းရှိသည့် ယင်း၏ ဟာ့ဝဲကို မြန်မာနိုင်ငံထဲသို့ ရောင်းချထားခဲ့သည် ဆိုသည့် ကိစ္စများကို သိရှိသလား ဆိုသည့် စုံစမ်းမေးမြန်းမှုများကို Hikvision က မဖြေကြားခဲ့ပေ။

တင်ဒါ အောင်ခဲ့သည့် မြန်မာမှ ဝယ်ယူရေး ကုမ္ပဏီများသည် တစ်ခါတစ်ရံတွင် ပြည်တွင်းနှင့် ဒေသတွင်း ကုမ္ပဏီများ ထုတ်လုပ်သော facial recognition ဆော့ဝဲကို အသုံးပြုကြောင်းနှင့် တရုတ် ဆော့ဝဲ လိုင်စင်များက ဈေးကြီး၍ ဖြစ်ကြောင်း သတင်းရင်းမြစ်သုံးဦးက ပြောသည်။ ဆော့ဝဲ ကုမ္ပဏီများကို ၎င်းတို့က အမည်တပ် မပြောခဲ့ပေ။

စောင့်ကြည့်ထောက်လှမ်းမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ

ကမ္ဘာတစ်ဝန်း မြို့ကြီးအများအပြားတွင် မှုခင်းများကို ဟန့်တားရန် စီစီတီဗွီ (Closed-circuit television) သို့မဟုတ် ဗီဒီယို စောင့်ကြည့်မှု စနစ်များကို အသုံးပြုသည်။ ပို၍ ပို၍ အငြင်းပွားဖွယ်ရာ ဖြစ်နေခဲ့သည့် facial recognition ဆော့ဝဲကိုလည်း ဖြန့်ကြက်လျက် ရှိပြီး ယင်းနည်းပညာသည် အမေရိကန်တွင် ဥပဒေစိုးမိုးရေး ရည်ရွယ်ချက်များအတွက် အရှိန်ရလာနေသည်။ တရုတ်မြို့ကြီးများတွင် အသုံးပြုသည့် စနစ်များကဲ့သို့ အချို့သော အဆင့်မြင့် စနစ်များတွင် လူတို့၏ အချိန်နှင့်တစ်ပြေးညီဖြစ်သော ရုပ်ပုံများကို ရုပ်ပုံ ဒေတာဘေ့စ်နှင့် တိုက်ကြည့်သည့် artificial intelligence နည်းပညာကို အသုံးပြုသည်။

ယခု ပရောဂျက်အသစ်များကို တက်ကြွလှုပ်ရှားသူများ၊ တော်လှန်ရေး အဖွဲ့များကို ဖြိုခွင်းနှိမ်နင်းရန် အသုံးပြုလာနိုင်သည့်အပေါ် စိုးရိမ်ပူပန်ကြောင်း မြန်မာ ပရောဂျက်များအကြောင်း တိုက်ရိုက်သိရှိသူများနှင့် လူ့အခွင့်အရေး အဖွဲ့များက ပြောသည်။ စစ်အာဏာသိမ်းပြီးနောက် တက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေး အဖွဲ့များကို အကြမ်းဖက်သမားများအဖြစ် အကြမ်းဖက်စစ်ကောင်စီက ထုတ်ဖော်ထားသည်။

စစ်ကောင်စီ၏ ရည်ရွယ်ချက်များနှင့်ပတ်သက်ပြီး အထောက်အထားများကို မြန်မာ ပရောဂျက်များအကြောင်း တိုက်ရိုက်သိရှိသူများနှင့် လူ့အခွင့်အရေး အဖွဲ့များက ထုတ်ဖော်နိုင်ခဲ့ခြင်း မရှိပေ။

“စောင့်ကြည့် ကင်မရာတွေက (မြန်မာရဲ့) ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေအတွက် ကြီးလေးတဲ့ အန္တရာယ်တစ်ခုကို ဖြစ်ပေါ်စေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စစ်တပ်နဲ့ ရဲတွေက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံဖို့၊ တက်ကြွလှုပ်ရှားသူတွေအကြား ဆက်သွယ်မှုတွေကို တွက်ချက်ဖို့၊ ဘေးကင်းရာ နေအိမ်တွေနဲ့ အခြား စုဝေးရာ နေရာတွေကို ထောက်လှမ်းဖော်ထုတ်ဖို့၊ တက်ကြွလှုပ်ရှားသူတွေ သုံးတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ဖော်ထုတ်ပြီး ကြားဖြတ်ဖမ်းဆီးဖို့အတွက် ဒီ စောင့်ကြည့်ကင်မရာတွေကို သုံးနိုင်တာကြောင့် ဖြစ်ပါတယ်” ဟု HRW ၏ အာရှဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး ဖီးလ် ရော်ဘတ်ဆန်က ရိုက်တာကို ပြောသည်။

မြန်မာ စစ်ကောင်စီသည် ကျယ်ပြန့်သော စောင့်ကြည့်ထောက်လှမ်းမှုကို လုပ်ဆောင်ထားခဲ့သည်။ ယင်းသည် နိုင်ငံသားများ၏ ဆက်သွယ်ပြောဆိုချက်များကို ခိုးနားထောင်ရန် တယ်လီကွန်းနှင့် အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့သူလုပ်ငန်းများ၌ intercept spyware (ကြားဖြတ်ထောက်လှမ်းမှု နည်းပညာ) တပ်ဆင်ထားသလို အွန်လိုင်းပေါ်မှ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို စောင့်ကြည့်၊ တိုက်ခိုက်ရန် “သတင်းအချက်အလက် တိုက်ခိုက်ရေး” ယူနစ်များကို ဖြန့်ကျက်ထားသည်ဟု ရိုက်တာက ဖော်ပြထားသည်။

စစ်တပ်တွင် စောင့်ကြည့် ကင်မရာ အချက်အလက်များနှင့်ပတ်သက်ပြီး ခွဲခြား အကဲဖြတ်ခြင်းကို စူးစိုက်လုပ်ဆောင်သည့် အရာရှိများလည်း ရှိကြောင်း ၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသည့် ဗိုလ်ကြီးဟောင်း ညီသုတက ရိုက်တာကို ပြောသည်။ ဤ အလုပ်အတွက် တာဝန်ချထားသည့် အရာရှိဦးရေ မည်မျှ ရှိသလဲကို ၎င်းအနေဖြင့် မသိရှိကြောင်း၊ သို့သော် နေပြည်တော်ရှိ စီစီတီဗွီ ထိန်းချုပ်ခန်းများတွင် စစ်သားများကို တာဝန်ခန့်အပ်ထားကြောင်း ၎င်းက ပြောသည်။ ရိုက်တာအနေဖြင့် ယင်းကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသလို မှတ်ချက်တောင်းခံသည့် ပန်ကြားချက်ကို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက မဖြေကြားခဲ့ပေ။

မြို့ကြီး ၁၀ မြို့

အာဏာသိမ်းမှုဖြစ်ပြီးနောက် မကြာမီမှာပင် မော်လမြိုင်သည် ကင်မရာဖြင့် စောင့်ကြည့်မှုစနစ်တစ်ခုအတွက် တင်ဒါတစ်ခု ခေါ်ခဲ့ကြောင်း သတင်းရင်းမြစ်သုံးဦးက ပြောသည်။ ယင်းနောက် လများအကြာတွင် တောင်ကြီးနှင့် ထားဝယ် မြို့ကြီးများအတွက်လည်း တင်ဒါများ ခေါ်ခဲ့ကြောင်း သတင်းရင်းမြစ်နှစ်ဦးက ပြောသည်။

မော်လမြိုင် တင်ဒါကို Fisca နှင့် Naung Yoe တို့က ပူးတွဲ အောင်မြင်ခဲ့ကြောင်း သတင်းရင်းမြစ်နှစ်ဦးက ပြောသည်။ ထားဝယ်နှင့် တောင်ကြီးအတွက် တင်ဒါများကို Fisca က အောင်ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောပြီး ထိုမြို့ကြီးများတွင် ယခုနှစ်အတွင်း Dahua ကင်မရာ ရာချီ တပ်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

မော်လမြိုင်တွင် ယခုအခါ Dahua ကင်မရာ ၂၀၀ ကျော် ရှိနေပြီ ဖြစ်သလို နောက်ထပ်လည်း ထပ်မံတပ်ဆင်ရန် ရှိနေသေးကြောင်း အခြားသတင်းရင်းမြစ်က ပြောသည်။

ယခုနှစ်အတွင်း ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင်လည်း Dahua ကင်မရာများကို တပ်ဆင်ထားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ဘားအံမြို့ အစိုးရသည်လည်း ကင်မရာစနစ်တစ်ခုနှင့်ပတ်သက်ပြီး ဆောလျင်စွာ ဆွေးနွေးမှုများ စတင်ထားခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်တပ်အာဏာမသိမ်းခင်က ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် နေပြည်တော်နှင့် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ရန်ကုန်တို့တွင် စီစီတီဗွီ ကင်မရာများ တပ်ဆင်ခဲ့ပြီး မန္တလေးမြို့သည်လည်း ကင်မရာ စောင့်ကြည့်မှုစနစ်တစ်ခုအတွက် Huawei နှင့် သဘောတူညီချက်တစ်ခု လက်မှတ်ထိုးခဲ့ကြောင်း ပြည်တွင်းမီဒီယာနှင့် သတင်းရင်းမြစ်နှစ်ဦးက ပြောသည်။

နေပြည်တော်၌ Huawei ကင်မရာများသည် facial recognition ဆော့ဝဲ ပေါင်းစပ်ထားကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ရန်ကုန်တွင် စောင့်ကြည့်မှုစနစ်၌ Hikvision ယာဉ်ကြောထိန်းချုပ်ရေးဗဟိုစင်တာ တစ်ခုနှင့် ကင်မရာ ဘရန်းများ ပေါင်းစပ်မှုတစ်ခုဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်း အခြားသတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ မန္တလေး၌ ကင်မရာများ တပ်ဆင်ခြင်းကို ပိုမို မြန်ဆန်စွာ လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်ဟု သတင်းရင်းမြစ်နှစ်ဦးက ပြောသည်။ အာဏာသိမ်းမှုမတိုင်ခင် Huawei ကင်မရာ အလုံး ၃၀၀ ထက်မနည်း တပ်ဆင်ထားခဲ့သလို နောက်ထပ် ရာချီ ထပ်လာဦးမည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သမိုင်းဝင် ခရီးသွား အချက်အချာမြို့တစ်မြို့ဖြစ်သည့် ပုဂံသည်လည်း အာဏာသိမ်းမှု မတိုင်မီ ကင်မရာ စောင့်ကြည့်မှုစနစ်တစ်ခုအတွက် တင်ဒါတစ်ခု ခေါ်ခဲ့ကြောင်း သတင်းရင်းမြစ်နှစ်ဦးက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ခိုက်နေရသည့် ရခိုင်ပြည်နယ်ရှိ စစ်တွေနှင့် ကျေးရွာတချို့၌ ၂၀၁၉ ခုနှစ်နောက်ပိုင်း မြန်မာစစ်တပ်က Huawei ကင်မရာများဖြင့် စီစီတီဗွီ စနစ်များ ဖြန့်ကြက်ထားခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly