စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဟု NLD ထုတ်ပြန်

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဟု NLD ထုတ်ပြန်

ဇူလိုင် ၉

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အဖွဲ့က ယနေ့ ဇူလိုင်လ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

စစ်ကောင်စီက နိုင်ငံတကာနှင့် ပြည်သူလူထုကိုလှည့်စားရန် ရွေးကောက်ပွဲပြုလုပ်ခြင်းဖြစ်သည်ဟု NLD ကသုံးသပ်သည်။

စစ်ကောင်စီက အာဏာသိမ်းမှုသည် ၎င်းတို့ပြဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံနှင့်ပင် ညီညွတ်မှုမရှိသကဲ့သို့ နိုင်ငံတော်သမ္မတကသာလျှင် ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တရားဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းမှုသည် တရားဝင်မှုမရှိကြောင်း၊ ယင်းကြောင့် ၎င်းအဖွဲ့၏ ဆောင်ရွက်သမျှသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များအားလုံး (ရွေးကောက်ပွဲအပါအဝင်)သည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှုမရှိကြောင်း NLD ကဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲကို နိုင်ငံတကာလေ့လာစောင့်ကြည့်သူများနှင့် သံတမန်များကလည်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဟုလက်ခံထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အားလုံး၏ ၈၂.၃၆ ရာခိုင်နှုန်း အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရသည်ဟု NLD ကထုတ်ပြန်သည်။

ယင်းကြောင့် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲရလဒ်သည်သာ ပြည်သူ့ဆန္ဒနှင့်အညီ တရားဝင်တည်ရှိနေဆဲဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့ဆင့်လွှဲအာဏာကို အကြွင်းမဲ့ လက်ခံယုံကြည် ကိုင်ဆွဲထားကြောင်း NLD ကဆိုသည်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် PR စနစ်ဖြင့်

ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာထားပြီး ၎င်းတို့၏ သတင်းစာရှင်းလင်းပွဲများတွင် အသစ်ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများက ပြောကြားမှုများရှိသည်။

၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁, ၁၇၁ နယ်ရှိရာ ၁,၁၁၇ နယ်တွင် ကျင်းပနိုင်ခဲ့ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦးရှိရာတွင် ပြည်သူ့လွှတ်တော်တွင် ၂၇,၅၁၂,၈၅၅ ဦး၊ အမျိုးသားလွှတ်တော်တွင် ၂၇,၄၉၅,၅၅၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ၃၀,၄၅၉,၁၁၃ ဦး လာရောက်မဲပေးခဲ့သဖြင့် မေးပေးသူဦးရေ ရာခိုင်နှုန်းအားဖြင့် ၇၁ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။

#Mizzima

#PRစနစ်ရွေးကောက်ပွဲအားလက်မခံ

#စကစရွေးကောက်ပွဲNLDအသိအမှတ်မပြု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required