မန္တလေးတွင် စစ်ကောင်စီတပ်စွဲထားသည့် မီးရထားရိပ်သာအဝင်ဂိတ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ဂိတ်စောင့်ရဲတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရ

မန္တလေးတွင် စစ်ကောင်စီတပ်စွဲထားသည့် မီးရထားရိပ်သာအဝင်ဂိတ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ဂိတ်စောင့်ရဲတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရ

ဇူလိုင် ၈

မန္တလေးမြို့တွင် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်စွဲထားသည့် မီးရထားရိပ်သာ အဝင်ဂိတ် လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခံရပြီး ရဲဒုတပ်ကြပ်အပါအဝင် ဂိတ်စောင့်ရဲတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။

“အာဏာသိမ်းပြီးကတည်းက စစ်သားတွေက အဲဒီအထဲမှာနေကြတာ။ ရဲတွေက အစောင့်လုပ်ပေးရတယ်။ အဲ့ဒါကို PDF တွေက ဗုံးနဲ့သွားထုတာပါ။ အပေါက်စောင့်နေတဲ့ ရဲ သုံးယောက် ဒဏ်ရာတော်တော်ရသွားတယ်။ အဲဒီထဲမှာ ဒုတပ်ကြပ် အဆင့် တစ်ယောက်ပါတယ်” ဟု အခင်းဖြစ်နေရာအနီးရပ်ကွက် နေထိုင်သူကပြော သည်။

အဆိုပါတိုက်ခိုက်မှုကိုမန္တလေးမြို့ ၊ ပြည်သူ့ကာကွယ်ရေးမြို့ပြ ပြောက်ကျား တပ်ဖွဲ့ Generation Z Power-GZP (Mandalay) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်တွင် ယနေ့(ဇူလိုင် ၇ ရက်)နံနက် ၁၁ နာရီဝန်းကျင်ခန့်က မန္တလေး ၊ ချမ်းအေးသာစံမြို့နယ် ၂၈ လမ်း၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြားရှိ မီးရထားရိပ်သာ ရုံးအစောင့်စစ်ကောင်စီတပ်ဖွဲ့များကို လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၍ သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ရဲ နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။

“အပစ်ခံရတာက မီးရထားစာကြည့်တိုက်နဲ့ကပ်လျက်က မီးရထားရိပ်သာအပစ်ခံရတာ၊ ဗုံးသံကြားပြီး ဆက်တိုက်ဆိုသလို ပစ်ခတ်သံတွေပါကြားရတယ်။ ပစ်တဲ့အဖွဲ့က ပစ်ပြေးပြေးတယ်။ ရဲတွေကလည်းပြန်ပစ်တယ်” ဟု ၇၈ လမ်းအနီး နေထိုင်သူ တစ်ဦးကပြောသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဂိတ်စောင့် စစ်ကောင်စီရဲများအပြင် မီးရထားစက်ခေါင်းရုံးမှ စက်ပြင် လုပ်သား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

#Mizzima

#မန္တလေး

#စစ်ကောင်စီတပ်စွဲ

#မီးရထားရိပ်သာ

#တိုက်ခိုက်ခံရ

#ရဲ၃ဦးဒဏ်ရာရရှိ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly