နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်နေအိမ်သို့ ပြောင်းရွှေ့ခြင်းမရှိပါ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်နေအိမ်သို့ ပြောင်းရွှေ့ခြင်းမရှိပါ

ဇူလိုင် ၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ရှိ နေအိမ်သို့ပြောင်းရွှေ့ခြင်းမရှိဘဲ နေပြည်တော်အချုပ်ထောင်၌ပင် သီးခြားချုပ်နှောင်ထားစဲဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများက​ မဇ္ဈိမကိုပြောသည်။

အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်တွင်းမှသည် ရန်ကုန် ဗဟန်းမြို့နယ်ရှိ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄)နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ကောလာဟလများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့သည်။

“ဒီနေ့အန်တီရုံး ထွက်ပါတယ်။တရားသူကြီးမလာလို့ရုံးချိန်းပေးပါတယ်။ လျှို့ဝှက်ချက်အမှု၊ နောက်တပတ်ကြာသပတေးနေ့ကိုချိန်းပါတယ်”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ရန်ကုန်ရှိ မဇ္ဈိမသတင်းထောက်က တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄) တွင် လုံခြုံရေးထူးကဲချထားခြင်းမရှိကြောင်းပြောဆိုသလို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့များထဲမှသတင်းရင်းမြစ်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်သို့ပို့ဆောင်ခြင်းမရှိဟု မဇ္ဈိမကိုပြောသည်။

သို့သော် စစ်ကောင်စီတပ်က နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေထိုင်ခဲ့သော အထောက်အကူပေးသူ ရှစ်ဦးကိုမူ ခြံအမှတ် (၅၄) သို့ ပို့ဆောင်ပေးခဲ့မှုဖြစ်ပေါ်ခဲ့သည်။

နေပြည်တော်အချုပ်ထောင်အတွင်း တစ်ထပ်တိုက်အဆောက်အအုံငယ်တစ်ခုတွင် တစ်ဦးတည်းနေထိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်သည်ဟု စုံစမ်းသိရှိရသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် အကျဉ်းဦးစီးမှ အမျိုးသမီးဝန်ထမ်းသုံးဦးသတ်မှတ်ထားရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်အတွင်း သီးသန့်ချုပ်နှောင်ထားသည့် လျို့ဝှက်နေရာတစ်ခုမှ နေပြည်တော်အချုပ်ထောင်သို့ ပြီးခဲ့သည့် ဇွန်လ ၂၂ရက်နေ့က ပို့ဆောင်ခဲ့ရာ တတိယအကြိမ်မြောက်နေရာရွှေ့ပြောင်းမှုဖြစ်ခဲ့သည်။

သူ့ကို နေပြည်တော်အချုပ်ထောင်မှ နေအိမ်သို့ ပြန်လည်ထားရှိရန် မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်နှင့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်းက ဇူလိုင် ၂၇ရက်နေ့တွင် တိုက်တွန်းထားပြီး စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက အတိုင်ပင်ခံပုဂ္ဂိုလ်ကို အချုပ်ထောင်ပို့သည့်ကိစ္စနှင့် ပတ်သတ်ပြီး ဉပဒေအထက်တွင်မည်သူမျှမရှိဟု ပြီးခဲ့သည့်သတင်းစာရှင်းပွဲတွင် တုံ့ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ၏ အထူးတရားရုံးက အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ပြီးဖြစ်သလို ကျန်ရှိသောအမှုများအတွက်ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required