စစ်ဘေးရှောင်ကလေးများအား ပညာသင်ကြားပေးရန်အတွက် ဆရာ ဆရာမများ ခေါ်ယူ

စစ်ဘေးရှောင်ကလေးများအား ပညာသင်ကြားပေးရန်အတွက် ဆရာ ဆရာမများ ခေါ်ယူ

ဇူလိုင် ၇

ရှမ်းပြည်နယ်တောင်ပိုင်းတစ်နေရာ လွတ်မြောက်နယ်မြေတွင် စစ်ဘေးရှောင်ကလေးများအား ပညာသင်ကြားပေးနိုင်ရန်အတွက် တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂမှ ဆရာ၊ ဆရာမများအား ခေါ်ယူလျက်ရှိကြောင်း သိရသည်။

လွတ်မြောက်နယ်မြေတွင် စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများဖွင့်လှစ်ထားနိုင်ပြီဖြစ်ရာ ထိုစာသင်ကျောင်းများတွင် ကလေးများအား ပညာသင်ကြားပေးနိုင်ရန် ဆရာ၊ဆရာမအင်အား အဆမတန် လိုအပ်လျက်ရှိကြောင်း တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂက ဇူလိုင်လ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

''ဖွင့်ထားတဲ့ကျောင်းက ကျောင်းပေါင်း ၁၇၀ ကျော်ရှိတယ်။ ကျောင်းသား ဦးရေက ၃,၀၀၀ ကျော်လောက် ရှိတယ်ဗျ။ ကလေးတွေကို သင်ပေးဖို့ခေါ်ယူတဲ့ ဆရာ၊ ဆရာမ ဦးရေ ဘယ်လောက်ရယ်လိုတော့ ကန့်သတ်ထားတာမျိုး မရှိဘူးဗျ'' ဟု တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂမှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ စာသင်ကျောင်းများတွင် စစ်ဘေးရှောင်ကလေးများအား ပညာသင်ကြားပေးနိုင်သော ဆရာ၊ ဆရာမများ (သို့မဟုတ်) သင်ကြားရေးကိုစိတ်ဝင်စားပြီး ကလေးများအား ပညာသင်ကြားပေးနိုင်သော မည်သူမဆို၊ စစ်ဘေးရှောင် ကလေးများအပေါ် အမှန်တကယ်စေတနာထားပြီး ပညာသင်ကြားပေးနိုင်သော သူများအနေဖြင့် တောင်ကြီး ပညာရေးဒီဂရီကောလိပ် ကျောင်သားများသမဂ္ဂသို့ ဆက်သွယ်၍ ပညာသင်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဘေးရှောင်ကလေးများအား လာရောက်ပညာသင်ကြားပေးမည့် ဆရာ၊ ဆရာမများ၏ စားဝတ်နေရေး လုံခြုံရေးများကို အပြည့်အဝ တာဝန်ယူသွားမည်ဖြစ်ပြီး စစ်ဘေးရှောင်ကလေးများအား ပညာသင်ကြားပေးရန်အတွက် စိတ်ဝင်စားသူများအနေဖြင့် တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ (Taunggyi Education Degree College Students' Union) ၏ Page messenger တွင် ဆက်သွယ်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

#Mizzima

#ရှမ်းပြည်နယ်

#တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ

#ပညာရေး

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required