BPLA ၏ တော်လှန်မြေကွက်ပိုင်ဆိုင်ခွင့်နှင့် တပ်စခန်းဆီ လည်ပတ်ခွင့်လက်မှတ် စတင်ရောင်းချ

BPLA ၏ တော်လှန်မြေကွက်ပိုင်ဆိုင်ခွင့်နှင့် တပ်စခန်းဆီ လည်ပတ်ခွင့်လက်မှတ် စတင်ရောင်းချ

ဇူလိုင် ၇

ရှမ်းပြည်နယ်အတွင်းရှိ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA ပိုင်မြေကွက်အား ကံစမ်းမဲစနစ် ဖြင့် လက်မှတ်ရောင်းချကာ တပ်တော်ရန်ပုံငွေရှာဖွေလျှက်ရှိကြောင်း ဇူလိုင်လ ၆ ရက်နေ့က စတင် ကြေညာ လိုက်သည်။

“ တော်လှန်မြေကွက်နှင့် BPLA တပ်စခန်းဆီ အလည်အပတ်”ခေါင်းစဉ်ဖြင့် မဲလက်မှတ်တစ်စောင်လျှင် ကျပ်တစ်သောင်း သတ်မှတ်ကာ ရောင်းချပေးနေကြောင်း သိရသည်။

“မဲဖောက်ပြီးတာနဲ့ စာချုပ်စာတန်းနဲ့တစ်ခါတည်းလွှဲပြောင်းပေးမှာပါ။ ရွေးချယ်ခွင့်နှစ်ခုရှိမယ်ဗျ။ မဲပေါက် ပြီးတာနဲ့လာချင်ရင်လည်း ရပါတယ်။ ဒါပေမယ့် BPLA တပ်စခန်းတစ်ခုကိုပဲလာလည်ခွင့်ရမှာပါ။ ဌာနချုပ် ရှိရာနေရာကိုတော့ မဟုတ်ပါဘူး။ တော်လှန်ရေးပြီးတဲ့အခါမှ လာလည်မယ်ဆိုရင်တော့ နှစ်ဦးနှစ်ဖက် ပိုပြီးတော့ အဆင်ပြေပါတယ်။ အဲ့အခါကျရင် ညစာစားပွဲမျိုးလုပ်ပြီး BPLA ရဲဘော်တွေနဲ့အတူတူ စားတာမျိုးတွေပါ လုပ်လို့ရမယ်ပေါ့” ဟု BPLA ရံပုံငွေရှာဖွေရေးအဖွဲ့တာဝန်ခံက ပြောသည်။

BPLA အပိုင်ဖြစ်သည့် အဆိုပါမြေကွက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် နှစ်သက်ရာလုပ်ကိုင်နိုင် မည်ဖြစ်ပြီး ပေ ၁၀၀ ပတ်လည်အကျယ်အဝန်းရှိသည့် မြေကွက်ဖြစ်သည်။ ကာလပေါက်ဈေးအားဖြင့် သိန်း ၁၀၀ ဝန်းကျင်ရှိကြောင်း အဖွဲ့ဘက်က ပြောဆိုထားသည်။

BPLA မှ အခြေခံစစ်ပညာသင်တန်း အမှတ်စဥ်(၄)ဖွင့်လှစ်ရန် လိုအပ်သည့်ကုန်ကျစားရိတ်အတွက် ယခု ကဲ့သို့ ရန်ပုံငွေရှာဖွေခြင်းဖြစ်ကြောင်းလည်း BPLA ရန်ပုံငွေရှာဖွေရေးအဖွဲ့တာဝန်ခံထံမှ သိရသည်။

လက်မှတ်ဝယ်ယူရန် ပြည်တွင်းငွေပေးချေမှုအား KBZ Pay နှင့် Wave Pay အပြင် NUG Pay ဖြင့်ပါ ပေးချေနိုင်မည်ဖြစ်ပြီး ပြည်ပနိုင်ငံများမှ ဝယ်ယူလိုသူများအတွက်လည်း ငွေပေးချေမှုစနစ်များ အသီးသီး ပြင်ဆင်ထားကြောင်း သိရသည်။

“BPLA - Venture facebook page ကနေပြီး Live လွှင့်ပြီး Random Number Picker နဲ့ဖြစ်ဖြစ် Spin လှည့်ပြီးတော့ဖြစ်ဖြစ် ကံထူးရှင်ကိုရွေးချယ်သွားပါမယ်။ မဲအစောင်ရေ ၁၅၀၀ ထိလောက်တော့ မှန်းထား ပါတယ်။ သိန်း ၁၅၀ ပေါ့နော်။ ဒီလကုန်ရင်တော့ မဲအစောင်ရေ ၁၅၀၀ မပြည့်လည်း ဖောက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု BPLA ရံပုံငွေရှာဖွေရေးအဖွဲ့တာဝန်ခံက မဇ္ဈိမကိုပြောသည်။

ကံစမ်းမဲလက်မှတ်များကို BPLA - Venture facebook page နှင့် Book Raffle Fundraising Program- BRFP page ၏ chat box သို့ စာပေးပို့ဆက်သွယ်ကာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း အသိပေး ကြေညာထားသည်။

#Mizzima 
#ရှမ်းပြည်နယ်
#ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA
#တော်လှန်မြေကွက်
#လည်ပတ်ခွင့်လက်မှတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly